သတင်း

ကြံ့ခိုင်ရေးပါတီ ကန့်ကွက်သော်လည်း ခုံရုံးအဖွဲ့ဝင် ၂ ဦးကို ဆက်လက် တာဝန်ပေး

Want create site? Find Free WordPress Themes and plugins.

ဖွဲ့စည်းပုံ အခြေခံ ဥပေဒဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွယ်လ်ကျင်ပေါင်  တို့ ၂ ဦးသည် ခုံရုံးအဖွဲ့ဝင်များ၏ သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပေးရန် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး၏ တင်ပြချက်ကို ယနေ့ ပလပ်လိုက်ကြောင်း သတင်းရရှိသည်။

ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွယ်လ်ကျင်ပေါင်တို့ ၂ ဦးသည် ခုံရုံး အဖွဲ့ဝင်များအဖြစ် အရည်အချင်း ပြည့်မီမှု ရှိ၊ မရှိကို စိစစ်ပေးရန် ဖွဲ့စည်းပုံ အခြေခံ ဥပေဒဆိုင်ရာ ခုံရုံးသို့ တင်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ နိုင်ငံတော် သမ္မတ၏ အခွင့်အာဏာကို မှေးမိန်စေနိုင်ခြင်းတို့ ဖြစ်စေပြီး ယင်းလုပ်ပိုင်ခွင့်မှာ ခုံရုံးတွင် မရှိသဖြင့် ယခုအမှုကို ပလပ်လိုက်သည်ဟု ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုက ပြောသည်။

“၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း ခုံရုံးကို အာဏာ အပ်နှင်းထားခြင်း မရှိပါဘူး။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသာ ကိစ္စတခုကို ထပ်မံပြီး ဥပဒေနဲ့ ညီညွှတ်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာလည်း ခုံရုံးမှာ မရှိပါဘူး” ဟု ဦးခင်မောင်ချိုက ၂ ဖက် အကျိုးဆောင် ရှေ့နေများ ရှေ့တွင် ပြောဆိုသည်။

အထက်ပါ ပုဂ္ဂိုလ် ၂ ဦးကို ကန့်ကွက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်ပါ ၂၃ ဦးတို့က ပြည်ထောင်စု လွှတ်တော်မှတဆင့် ခုံရုံးသို့ တင်ပြခဲ့ခြင်းမှာလည်း ယခုကိစ္စသည် ပြည်ထောင်စု လွှတ်တော်နှင့် သက်ဆိုင်သည့် ကိစ္စမဟုတ်ဘဲ နိုင်ငံတော် သမ္မတက အဆိုပြု ခန့်အပ်သူများ ဖြစ်ခြင်း၊ ပြည်ထောင်စု လွှတ်တော်က ယင်းအဆိုပြု တင်ပြချက်ကို အတည်ပြုပေးရခြင်းသာ ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့သူ ဦးအောင်ကြည်ညွန့်က ရုံးတော်သို့ တင်ပြခဲ့သည်ဟု သိရသည်။

ဒေါ်ခင်ဌေးကြွယ်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမည်စာရင်း တင်သွင်းသူ ဖြစ်ပြီး ဦးတွာလ်ကျင်ပေါင်သည် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အမည်စာရင်း တင်သွင်းသူ ဖြစ်သော်လည်း ခုံရုံးအဖွဲ့ဝင် အားလုံးကို တာဝန်ခံသူမှာ နိုင်ငံတော် သမ္မတသာ ဖြစ်သဖြင့် ယခုကိစ္စသည် သမ္မတ၏ အခွင့်အာဏာအရ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ခုံရုံးက ဆုံးဖြတ်သည်။

ထို့အပြင် ဥပဒေပညာရှင်ဟု နိုင်ငံတော်သမ္မတက ထင်မြင် ယူဆချက်မှာလည်း ၂၀ဝ၈ ဖွဲ့စည်းပုံက သမ္မတကို ပေးထားသည့် လုပ်ပိုင်ခွင့် ဖြစ်သဖြင့် ပြည်ထောင်စု လွှတ်တော်က ယင်းအခွင့်အာဏာကို စွက်ဖက်၍ မရနိုင်ဟု ယနေ့ ရုံးတော်တွင် ကြားနာမှုများအရ သိရသည်။

ထို့ကြောင့် ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွယ်လ်ကျင်ပေါင်တို့ ၂ ဦးသည် ထင်ပေါ်ကျော်ကြားသည့် ဥပဒေ ပညာရှင်များ ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် သတ်မှတ် စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ခုံရုံးက မဆုံးဖြတ်တော့ဘဲ ယင်းအဆင့် မတိုင်မီ ဥပဒေဆိုင်ရာ အငြင်းပွားမှုအဆင့်တွင် တိုင်ကြားသူများဘက်မှ အရေးနိမ့်သွားခဲ့ရသည်။

“အဓိက ကွဲလွဲချက် ၅ ခု ရှိတယ်။ ၅ ခုလုံးဟာ ဥပဒေရေးရာ အချက်အလက်တွေ ဖြစ်ပြီးတော့ တဖက်က တင်ပြတာဟာ ကွဲလွဲနေတယ်ဆိုတဲ့ အကြောင်းပြချက်သာ ဖြစ်တယ်ဆိုတဲ့အတွက် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဆောင်ရွက်ချက်ထဲမှာ အကျုံးမဝင်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် တဖက်ကတင်ပြလာတဲ့ တင်ပြလွှာကို ပလပ်လိုက်တယ်။ ပယ်ဖျက်လိုက်တဲ့ သဘောပေါ့” ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စား ခုံရုံးသို့ ရောက်ရှိလာသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် မီဒီယာများသို့ ပြောသည်။

ပြီးခဲ့သည့် တပတ်က ၂ ဖက် လျှောက်လွှဲချက်များအပေါ် မူတည်၍ ယနေ့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ သမ္မတက ဥပဒေပညာရှင်အဖြစ် အသိမှတ်ပြုသူသည် သမ္မတ တင်သည့် ၃ ယောက်နှင့် ဆိုင်သလား၊ ၉ ယောက်လုံးနှင့် ဆိုင်သလား ဆိုသည့် အငြင်းပွားမှု အပေါ် ၉ ယောက်စလုံးနှင့် ဆိုင်သည်ဟု ခုံရုံးက ဆုံးဖြတ်လိုက်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောသည်။

“Rule of Law ကို Rule by Law လုပ်လို့ မရဘူး။ ဒီမိုကရေစီက မူပိုကရေစီ လုပ်လို့မရဘူး။ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ပါတီတွေ စည်းလုံးဖို့ လိုတယ်။ ဒါတွေအားလုံးက သမိုင်းမှတ်တိုင်ပဲ။ အထူးသဖြင့် ဦးဆောင်ပါတီတွေ ဖြစ်တဲ့ NLD ၊ USDP (ကြံ့ခိုင်ရေးပါတီ) နဲ့ တိုင်းရင်းသား ပါတီတွေ ညီညွတ်ဖို့ လိုတယ်။ ဒါ့အပြင်တော့ ပြောစရာ မရှိဘူး။ ကိုယ့်သမိုင်းကို ရေးကြတာပဲ” ဟု ကြံ့ခိုင်ရေးပါတီဘက်မှ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့သူ ယင်းပါတီမှ အမျိုးသမီးရေးရာ ဌာနမှူး ဦးကြည်ဝင်းက ခုံရုံး ဆုံးဖြတ်ချက်အပြီး မီဒီယာများသို့ ပြောသည်။

ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွယ်လ်ကျင်ပေါင်တို့ ၂ ဦးကို ၂၀၁၆ ခုနှစ် မတ်လအတွင်း ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ခုံရုံး အဖွဲ့ဝင်များအဖြစ် အတည်ပြု ခန့်အပ်စဉ်ကလည်း တပ်မတော်က အပြင်းအထန် ကန့်ကွက်ခဲ့ဖူး  ပြီး ထိုစဉ်ကလည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် ခုံရုံးအဖွဲ့ဝင်များအဖြစ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော် သမ္မတက စုစည်းအမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်များအား ခုံရုံး အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရဟု ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading