Daily Eleven သတင်းစာ၏ မုံရွာသတင်းထောက် အသတ်ခံရမှု ၁ လကျော် ကြာသည်အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မုံရွာမြို့အခြေစိုက် Daily Eleven သတင်းထောက် ကိုစိုးမိုးထွန်းသည် ၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်က မုံရွာဂေါက်ကွင်းအနီး ပြည်ထောင်စုလမ်းတွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
မုံရွာနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် စိုးမင်းထွန်းက “လက်ရှိ အခြေအနေမှာတော့ ပေါ်ပေါက်မှု မရှိသေးတဲ့အတွက် စုံစမ်းမှုတွေနဲ့ပဲ ဆောင်ရွက်နေတာပဲ။ မသင်္ကာတာ တွေ့တယ်ဆိုရင် ရမန်ယူပြီး စစ်ဆေးတယ်။ ဒီအမှုအတွက် အထောက်အထား တစုံတရာ ရတယ်ဆိုရင်တော့ အစရပြီ။ အခုဟာက အမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမှ အထောက်အထား မရသေးဘူး။ လိုက်တုန်းပဲ ရှိသေးတယ်” ဟု အမှုအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၉ ရက်က သံသယရှိသူ ၂ ဦးအား ဖမ်းဆီးစစ်ခဲ့ရာ ရမန်ရက် (၁၅ ရက် ၂ ကြိမ်) ပြည့်သည်အထိ အမှုနှင့် ပတ်သက်သော အထောက်အထား တစုံတရာ မရှိသောကြောင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရှင်းပြသည်။
ဇန်နဝါရီ ၂ ရက်တွင် သံသယရှိသူ ၁ ဦးကို ထပ်မံ ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ဇန်နဝါရီ ၃၁ ရက် ရမန် ပြည့်သည်အထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ယင်း သံသယရှိသူထံမှ မည်သည့်သဲလွန်စ အထောက် အထားမျှ မရသေးကြောင်း ဒုရဲအုပ်စိုးမင်းထွန်းက ဆိုသည်။
ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူ မခင်ချိုလတ်က “ကြာသွားလို့ရှိရင် အမှုကို မေ့ပျောက်သွားမှာ စိုးရိမ်တယ်။ အမှုကို မေ့မေ့ ပျောက်ပျောက် မဖြစ်အောင် Eleven ကို ပြောထားတယ်။ တလမှာလည်း ဘာမှမထူးခြားသေးဘူး။ နောက်တလမှာလည်း ဘာမှ မထူးခြားသေးဘူးဆိုရင် ဂျာနယ်စာမျက်နှာပေါ်၊ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာတင်ဖို့ မေတ္တာရပ်ခံထားပါတယ်” ဟု ပြောသည်။
ကိုစိုးမိုးထွန်း အသတ်ခံရမှု အမှုမှန် ဖော်ထုတ်ရန်အတွက် အမှုစစ်အဖွဲ့ ထပ်တိုးဖွဲ့ကာ စစ်ဆေးနေသည်ဟုလည်း မုံရွာနယ်မြေ ရဲစခန်းမှ သိရသည်။
Daily Eleven ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းသည် သစ်မှောင်ခိုမှု အပါအဝင် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ သတင်းများကို ရေးသားနေသည့် သတင်းထောက် တဦးဖြစ်ကြောင်း သိရသည်။