သတင်း

မန္တလေးတွင် အထပ်မြင့်ကားပါကင် အဆောက်အအုံ တည်ဆောက်နိုင်ရန် စစ်တမ်းကောက်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့တွင် ကားများ သီးသန့် ရပ်နားနိုင်မည့် အထပ်မြင့် ကားပါကင် အဆောက်အအုံ တည်ဆောက် နိုင်ရန် အထပ်မြင့် အဆောက်အအုံ အများဆုံး ရှိနေသည့် စစ်တမ်း ကောက်ယူသွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရ သည်။

လက်ရှိတွင် အထပ်မြင့် အဆောက်အအုံ အများဆုံး ရှိနေသည့် ၇၈ လမ်းမ တလျှောက် ( ၁၂ လမ်းမှ ၄၂ လမ်း အတွင်း ) ဖြစ်ရာ အဆိုပါ လမ်းမကြီး အနောက်ဘက်ခြမ်း အတွင်း နေထိုင်သူများ၏ ယာဉ်အသုံးပြုမှုစာရင်းကို စစ်တမ်းကောက်ယူ ရန် စီစဉ်နေကြောင်း၊ အဆိုပါကောက်ယူမှုအရ ကားပါကင်အခက်အခဲဖြစ်သည့်နေရာတွင် နိုင်ငံတကာပုံစံ ကားပါကင် အထပ်မြင့်အဆောက်အအုံကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးဇော်ဝင်းက ရှင်းပြသည်။

ဌာနမှူး ဦးဇော်ဝင်း က “လတ်တလောအနေအထားအရ လျာထားအဆင့်ပဲ ရှိသေးတယ်၊ ပထမဦးဆုံးအနေနဲ့ ပြုလုပ်သွားမှာကတော့ ၇၈လမ်း တလျှောက် နေထိုင်သူများရဲ့ ယာဉ်အသုံးပြုမှု စာရင်းကို စတင်ကောက်ယူသွားမယ်။ အဲဒီစစ်တမ်းပြီးမှ ဆက်လက် လုပ်ဆောင်သွားမှာပါ ” ဟု ပြောသည်။

နိုင်ငံတကာပုံစံ အထပ်မြင့် ကားပါကင် အဆောက်အအုံ ဆောက်လုပ်ရန် စီစဉ်ရခြင်းမှာ မန္တလေးမြို့တွင် များပြားလာသည့် မော်တော်ယာဉ်များကြောင့် နေ့၊ ညထားနိုင်မည့် ကားပါကင် တခု လိုအပ်လာကြောင်း၊ ယခုအခါ မော်တော်ယာဉ်ပိုင်ရှင် အများစုသည် လမ်းဘေး ဝဲ၊ ယာများတွင် ရပ်နားထားကြသဖြင့် မလိုအပ်သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များနှင့် ယာဉ် ကြောကြပ်ခြင်းများ ဖြစ်နေရာ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“မန္တလေးမှာဖြစ်နေတာက ကားတွေ အရင်ကထက် များလာတယ်၊ ကားကို ဝယ်စီးကြပေမယ့် လမ်းဘေးတွေမှာ ရပ်ကြ တော့ ယာဉ်ကြောကျပ်တာတွေ ဖြစ်ပေါ်နေသလို ညပိုင်းမှာလည်း ကားမှန် ထုခွဲခံရတာမျိုး၊ ပစ္စည်းများ ဖြုတ်ယူအခိုး ခံရတာမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ နိုင်ငံတကာပုံစံ အထပ်မြင့် ကားပါကင်ဆောက်ဖို့ စီစဉ်ရခြင်း ဖြစ် ပါတယ်” ဟု ဦးဇော်ဝင်းက ဆက်လက် ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ညအိပ်ခွန် ပေးဆောင်၍ လမ်းဘေး ဝဲ၊ ယာများတွင် မော်တော် ယာဉ်များ ညအိပ် ရပ်နားထားခြင်းများ ရှိကြောင်း၊ စစ်တမ်း ကောက်ယူမှုအပေါ် အခြေခံ၍ အထပ်မြင့် ဆောက်လုပ်မည့် ပုံစံ၊ နေရာများကို ပြည်သူသို့ ချပြမည်ဖြစ်ကာ လိုအပ်မှု ရှိနေသည့်အပေါ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု သိရ သည်။

လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း ထပ်မံ ဆောက်လုပ်မည့် ၄ ထပ်နှင့် အထက် ဟိုတယ်များနှင့် အဆောက်အဦများတွင် ယာဉ်ရပ်နားရန် နေရာ လုံလောက်စွာ ပါရှိမှသာ ဆောက်လုပ်ခွင့်ပြု နေသလို ဆောက်လုပ်မည့် မြေနေရာ အကျယ်အဝန်း၏ ၂၀ ရာခိုင်နှုန်းကို ကားပါကင်အတွက် သီးသန့် နေရာပေးကာ ဆောက်လုပ်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန် ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading