ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ မိုင်းခေါင် စစ်ဘေးရှောင်ဒုက္ခသည် စခန်းနှစ်ခု၌ ယခု ရက်ပိုင်း တိုက်ပွဲ များ ကြောင့် ဒုက္ခသည် ၁၀၀ ကျော် ထပ်မံ တိုးလာသည်ဟု သတင်းရရှိသည်။
တိုးလာသည့် ဒုက္ခသည်များသည် မန်စီမြို့နယ်အတွင်းရှိ လွယ်ပန်းရွာ၊ မန်ဒေါင်ရွာ အပါအဝင် အခြားရွာများမှ ဖြစ်ပြီး တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားရာ ဒေသခံများ မလုံခြုံတော့ သဖြင့် ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု ဗန်းမော်မြို့အခြေစိုက် ကချင် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် Myusha Zinlum အဖွဲ့က ဧရာဝတီကို ပြောသည်။
Myusha Zinlum အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးနန်းဇိမ်းလဂျာက “စစ်ဘေး ဒုက္ခသည်တွေ ထပ်တိုး လာပါတယ်။ စနေနေ့(ဇန်နဝါရီ ၁၄) က စ တိုးတယ်။ ဒီနေ့ညနေလည်း အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၀ ကျော် ထပ်ရောက် ပါမယ်။ လမ်းမှာ လာနေကြပါတယ်”ဟု ပြောပြသည်။
ဇန်နဝါရီ ၁၄ ရက်တွင် အိမ်ထောင်စု ၁၅ စု မှ လူဦးရေ ၃၅ ယောက်၊ ဇန်နဝါရီလ ၁၇ ရက်တွင် အိမ်ထောင် စု ၄၀ မှ လူဦးရေ ၆၀ ကျော်တို့သည် ၎င်းတို့ ရွာများမှ မိုင်းခေါင်ကျေးရွာသို့ ထွက်ပြေး ရောက်ရှိလာသဖြင့် ကချင် ဘာသာရေး ဆရာများက ကချင် နှစ်ခြင်းအသင်းတော် ဘုရားကျောင်း စစ်ဘေးရှောင် ဒုက္ခသည် စခန်း နှင့် ကချင် ကက်သလစ် အသင်းတော် စစ်ဘေးရှောင်ဒုက္ခသည်စခန်း တို့တွင် နေရာ ချထားလိုက်သည်ဟုလည်း ဦးနန်းဇိမ်းလဂျာက ပြော သည်။
“လောလောဆယ်မှာ ပထမဆုံးရောက်လာတဲ့ ၃၅ ယောက်ကိုပဲ ၂ပတ်စာအတွက် ရိက္ခာစီစဉ် ပေးထား နိုင်တယ်။ နောက်ရောက်လာတဲ့ ၆၀ကျော်နဲ့ ညနေရောက်မယ့် သူတွေအတွက် ကျနော်တို့ ဘာအစီအစဉ်မှ လုပ်မပေးနိုင်သေး ဘူး”ဟုလည်း ဦးနန်းဇိမ်းလဂျာက ပြောဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် နီးစပ်သည့် ရွာများ၊ ဒေသခံများ၏ စာရင်း အတိအကျကို မပြောနိုင်သေး ကြောင်း၊ ထွက်ပြေးလာသည့် သူများကို ကချင် အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေး ဆရာများက မိုင်းခေါင် ကျေးရွာတွင် ကြိုပြီး နေရာထိုင်ခင်း စီစဉ်ပေးနေကြောင်း သိရသည်။
ဦးနန်းဇိမ်းလဂျာက လက်ရှိတွင် တိုက်ပွဲအတွင်း ပိတ်မိနေသူ၊ သေဆုံးသူများ သတင်း မကြားရသေးသော်လည်း စစ်ဘေးရှောင် အဘွားတဦးသည် တိုက်ပွဲများကြောင့် ဇန်နဝါရီ ၁၇ ရက်က ထွက်ပြေးလာပြီး လမ်းတဝက်တွင် ၎င်း၏ နေအိမ်အတွင်းသို့ ပစ္စည်းယူမည်ဟု ပြောဆိုကာ ပြန်သွားပြီးနောက် ယနေ့အထိ ပျောက်ဆုံးနေကြောင်း ပြောသည်။
မိုင်းခေါင် စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင်နေသည့် ဦးမုန်ရာ ကလည်း “အသစ်ရောက်လာတဲ့ သူတွေကိုတော့ ဆရာတွေ က နေရာချပေးနေတာပဲ ။ တချို့အမျိုးရှိတဲ့ သူလည်း အမျိုးအိမ်မှာ နေကြတယ်။ ရိက္ခာကတော့ ရှိတာ ခွဲပေးကြတယ်။ မရှိတဲ့သူအတွက်တော့ အဆင်ပြေသလို အကုန် စုပေါင်း ချက်စားကြတာပေါ့”ဟု ပြောပြသည်။
မိုင်းခေါင် စစ်ရှောင်စခန်းများသည် ၂၀၁၁ ခုနှစ်မှ စ၍ တိုက်ပွဲများကြောင့် နေရပ်မှ ထွက်ပြေးလာရသူများ နေထိုင်ရန် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။
မိုင်းခေါင် စစ်ရှောင်စခန်းနှင့် အိမ်၂လုံးခန့်သာ ခြားသည့် နေရာတွင်လည်း တပ်မတော်က တပ်စွဲထားသည့် စခန်းများ ရှိသည်။
၂၀၁၅ ခုနှစ်အတွင်းကလည်း မိုင်းခေါင် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျည်များ ကျခြင်းကြောင့် ဒုက္ခသည်များ ထွက်ပြေးခဲ့ရသည်။
တပ်မတော်နှင့် KIA တို့သည် ဇန်နဝါရီလ ၁၃ ရက်မှ စ၍ မန်စီမြို့နယ်ရှိ KIA တပ်မဟာ (၃) နယ်မြေအတွင်း တိုက်ပွဲ များ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဇန်နဝါရီ ၁၈ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) ၏ စခန်း ၃ ခုကို သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ယခုသိမ်းပိုက်လိုက်သည့် KIA တပ်ရင်း (၁၂) သည် စစ်ကိုင်းတိုင်း ဒေသ ကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တို့မှ ထွက်သည့် အဖိုးတန်သစ်များ၊ ကျွဲနွားများကို တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်သည့် နေရာ ဖြစ်ကြောင်း၊ ထိုနေရာအနီးတဝိုက်ကို တပ်မတော်က ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ ၂၀၁၁ ခုနှစ်မှ စပြီး သစ်မှောင်ခိုများ ဖမ်းဆီးပြီး KIA နှင့် တိုက်ပွဲများ ဖြစ်ဖူးကြောင်းလည်း ရေးသားထားသည်။
တိုက်ပွဲအတွင်း အဆောက်အအုံ အလုံး၂၀ ၊ သစ်မျိုးစုံ ၁၀၈ တန်၊ သစ်တင်ယာဉ် ၄ စီး၊ ဂျစ်ကား ၂ စီး ၊ ဆိုင်ကယ် ၁ စီး ၊ ငွေစာရင်းစာအုပ်များ၊ ဆက်ကြေး ကောက်ခံရရှိသည့် ပြေစာ ဖြတ်ပိုင်းများတို့ သိမ်းမိကြောင်းလည်း တပ်မတော် က ထုတ်ပြန်ထားသည်။
ထို့အပြင် လက်နက်ခဲယမ်းအများအပြားနှင့် အတူ ၆၀ မမ စိန်ပြောင်းတလက်၊ လက်နက် ၅ လက်တို့ကို သိမ်းပိုက် ရရှိသည်ဟုလည်း ပါရှိသည်။
ဧရာဝတီက အဆိုပါကိစ္စများနှင့် ပတ်သက်၍ KIA ၏ တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် ၍ မရခဲ့ပါ။
KIA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ် ရေးထိုး နိုင်ရန် ၊ နိုင်ငံရေးဆွေးနွေးနိုင်ရန် အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်။
သို့သော် ၂၀၁၆ ခုနှစ် သြဂုတ်လမှ စ၍ ယနေ့အထိ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားပြီး တိုက်ပွဲကာလအတွင်း KIA ၏ ဂီဒေါင် တောင်ကြော၊ လိုင်ဖောင် တောင်ကြော၊ ငါ့ကျန် တောင်ကြော နှင့် စခန်းငယ် များ ကို ဆုံးရှုံးခဲ့သည်။
KIA က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်က တဖက်သတ် ထိုးစစ် ဆင် နေခြင်း ဖြစ်ပြီး တိုက်ပွဲများမှ တဆင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို တပ်မတော်က တာဝန်ယူရမည်ဟု ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၈ ရက်က ထုတ်ပြန်ထားသည်။
တိုင်းရင်းသား ဒေသများကို ထိုးစစ်ဆင်နေသည်ဟု ပြောဆိုပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်ကလည်း KIA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ စုပေါင်းထားသည့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နှင့် မုံးကိုးမြို့တို့ရှိ တပ်မတော်၏ စခန်းများကို ဝင်ရောက် တိုက် ခိုက်ခဲ့သည်။