ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ခံထားရတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်က ရန်ကင်း ရဲစခန်းမှာ ထိန်း သိမ်း စစ်ဆေးခံထားရာကနေ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ရန်ကင်း မြို့မ ရဲစခန်းကလည်း မျိုးကိုကိုစန်းကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီကို အတည်ပြု ပြောဆိုပါတယ်။
မျိုးကိုကိုစန်းဖုန်းကို CID က စစ်ဆေးရာ Facebook Page တခုရဲ့ Admin တဦး အဖြစ် တရားစွဲဆို ခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကင်းရှင်းကြောင်း အတည်ပြု စစ်ဆေးချက် ရရှိလို့ ပြန်လွှတ်လိုက်တာဖြစ်ကြောင်း သူရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးတင်ထားပါတယ်။
ဖုန်းကိုတော့ လက်ရှိ CID မှ သိမ်းထားဆဲ ဖြစ်ပြီး ပရိသတ်များကို စိတ်မပူကြဖို့၊ ယခု ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေဘောင်အတွင်းမှ ပြန်လာ ဖြစ်ကြောင်း ရေးတင်ထားပါတယ်။
မျိုးကိုကိုစန်းကို ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည် (ခေါ်) ကစ်ကစ်က Facebook မှာ Cele Cele Small Page ရဲ့ Admin ဟာ မျိုးကိုကိုစန်းဖြစ်ပြီး သူ့ကို အဲ့ဒီ လူမှုကွန်ရက် စာမျက်နှာမှာ မဟုတ်မမှန် ရေးသားသူအဖြစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မျိုးကိုကိုစန်းကို ရဲတပ်ဖွဲ့ ဇန်နဝါရီ ၁၈ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ရန်ကင်းမြို့နယ် ရဲစခန်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ရုံးထုတ် ယမန် ယူခဲ့တာ ဖြစ်ပါတယ်။