အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည်များကို လေ့လာစိစစ်မည့် အဖွဲ့တခုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့က လူတဦးချင်းစီ၏ စွမ်းဆောင်ရည်များကို စိစစ် အကဲဖြတ်သွားမည် ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။
“လွှတ်တော်မှာ ရှိတဲ့သူတွေရဲ့ အရည်အချင်း ဘယ်လောက် လိုတယ်။ ဘယ်လောက်ရှိတယ်။ သူတို့ လိုအပ်တဲ့ Capacity ကို ဖြည့်တင်းပေးဖို့ မြင့်နိုင်သမျှ မြင့်အောင် ဆောင်ရွက်ဖို့ ဒါ လွန်ခဲ့တဲ့ CEC အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ” ဟု ဦးဝင်းထိန်က ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာထဲတွင် သတင်းထောက်များကို ပြောသည်။
ယခု စိစစ်မည့်အဖွဲ့ကို ဦးဆောင်မည့်သူမှာ ဦးဝင်းထိန်ပင် ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ မျိုးညွန့်၊ ဦးတင်ထွဋ်ဦးနှင့် ဒေါ်လဲ့လဲ့တို့ ပါဝင်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အစိုးရအဖွဲ့ အတွက်ကိုမူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိစစ်သုံးသပ်သွားမည်ဟု ဦးဝင်းထိန်၏ ပြောဆိုချက်အရ သိရပြီး လွှတ်တော် ကိုယ်စားလှယ် ၈၈၅ ဦးစလုံး၏ အနေအထားကို သုံးသပ်ကာ လိုအပ်ပါက သင်တန်းများ ပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ပြုလုပ်ပေးသွားမည်ဟု သိရသည်။
“ဒါကတော့ တွေ့တာကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို တင်ပြမယ်၊ သူတို့ ဆုံးဖြတ်မယ်။ တွေ့ရှိချက်ကို တင်ပြမယ်။ ဘယ်လို အရေးယူသင့်တယ် ဆိုတာလည်း အကြံပြုရမှာပေါ့” ဟု ဦးဝင်းထိန်က ပြောသည်။
NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးလွင်ကိုလတ်က ယခု လွှတ်တော် ပိတ်ရက်များတွင် ကိုယ်စားလှယ်များ၏ တနေ့တာ ဆောင်ရွက်မှုများကို နေ့စဉ်မှတ်တမ်းရေး၍ အထက်သို့ တင်ပြနေရသည့် ပုံစံ စတင်နေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကိုယ်စားလှယ်တွေ ဆိုတာက ၅ နှစ် ၁ ကြိမ် ပြန်ရွေးကြရတာပဲ။ ပြန်ရွေးတဲ့အခါ ပါတီတွင်းမှာ Candidate Selection လုပ်တဲ့အခါမှာလည်း အဲဒီ မှတ်တမ်းတွေကတော့ အထောက်အပံ့ ဖြစ်မယ်လို့ ကျနော် ထင်တယ်။
အစိုးရအဖွဲ့ ဆိုတာကလည်း ပါတီက ရွေးထားပေးတာ ဖြစ်တဲ့အတွက် ဒီကိစ္စက Check and Balance စနစ်အတွက် ရှိနေတယ်လို့ ကျနော် ယူဆတယ်” ဟု ဦးလွင်ကိုလတ်က ပြောသည်။
သို့သော် မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေတို့တွင် မည်သည့်အဖွဲ့ကမျှ လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ထိန်းချုပ်သည့် ပုံစံမျိုး လုပ်ဆောင်ခွင့် ပြုမထားကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အစီရင်ခံရလိမ့်မယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို အစီရင်ခံရမယ် ဆိုတာတော့ တရားဝင် ကြေညာမှာ မဟုတ်ဘူး။ ကြေညာရင် သူက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်နေမှာကိုး။ ဒါဆိုရင် ဒီအဖွဲ့က ဘယ်သူက ဖွဲ့ခိုင်းတာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့ခိုင်းတာပဲ” ဟု ဦးရဲထွန်းက ပြောသည်။
NLD ပါတီအနေဖြင့် Check and Balance စနစ်ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်လိုပါက လွှတ်တော် ကိုယ်စားလှယ်များကို ထိန်းချုပ်ရန် လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ရုတ်သိမ်းခြင်း ဥပဒေကြမ်းကို ပြဌာန်းပေး၍ ရကြောင်း၊ အစိုးရ အဖွဲ့ဝင်များကို ထိန်းချုပ်လိုပါက အစိုးရက ဦးဆောင်ပြီး ဝန်ကြီးများ အကျင့်ပျက် လာဘ်စားမှုကို တိုင်ကြားနိုင်သည့် ကော်မရှင်တခု ဖွဲ့စည်းသင့်ကြောင်း ဦးရဲထွန်းက အကြံပြုသည်။