မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင် တအိမ်တည်း နေထိုင်သူ အမျိုးသမီး ၁ ဦးနှင့် ၃ နှစ်အရွယ် ကလးကို သတ်၍ မီးရှိုခဲ့သည့် အသက် ၂၀ အရွယ် ခိုင်ဝေ ဆိုသူကို ဖမ်းဆီးရ မိပြီ ဖြစ်ကြောင်း ပြည်ကြီးတံခွန် မြို့မ ရဲစခန်းမှ သိရသည်။
“တရားခံကို ချက်ချင်း ဖမ်းမိတာပါ။ ပြဿနာကတော့ ငွေရေးကြေးရေးကြောင့် လို့ သိရတယ်။ တရားခံကလည်း ဝန်ခံထားတယ်။ တရားခံက အိမ်မှာ မီးလောင်နေပါတယ်ဆိုပြီး သေဆုံးသူရဲ့ ယောကျာ်းဆီကို ဖုန်းဆက်တယ်။ အဲဒီလူလည်း အိမ်ပြန်ရောက်ရော သူ့ကလေးနဲ့ မိန်းမ သေနေတာကိုတွေ့လို့ ရဲစခန်းကို ဖုန်းဆက်လာတာ ” ဟု ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၅ နာရီကျော်က ဦးတင်ထွန်းဝင်း(ခ) ဘိုတောက်၏သမီးဖြစ်သူ မနန်းရွှေရည်မိုး (ခ) ဝမ်းဝမ်း ၃ နှစ်မှာ ခရီးဆောင်အိတ် အတွင်း ထည့်လျက် အနေအထားဖြင့် မီးလောင် သေဆုံးနေကြောင်း၊ ဦးတင်ထွန်းဝင်း ၏ ဇနီး ဒေါ်နန်းခင်ထွေးဝင်း ၃၇ နှစ်မှာ ဦးခေါင်းယာဘက် ဖူးရောင်ဒဏ်ရာ၊ လည်ပင်း ယာဘက်ပြတ်ရှ ဒဏ်ရာများဖြင့် အစိမ်းရောင် ပလပ်စတစ်ပုံး အတွင်း၌ ခွေခေါက်ထည့်လျက် အနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သေဆုံးသူ ၂ ဦးနှင့် တအိမ်တည်းနေသူ အသက် ၂၀ အရွယ် ခိုင်ဝေအား ရဲတပ်ဖွဲ့က စစ်ဆေးရာမှ သမဝါယမချေးငွေ ၁၀ သိန်းကျပ် ပြန်လည် ပေးဆပ်ရန်ရှိသဖြင့် ပစ္စည်းရယူလိုသည့် အတွက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရားခံကို ရွှေကြိုး ၂ ကုံး၊ ရွှေဟန်းချိန်း ၁ ခု၊ ရွှေလက်စွပ် ၂ ကွင်း၊ ဆွဲသီး ၁ ခု၊ အရိုးအသွား ၇ ဒသမ ၅ လက်မခန့်ရှိ အဝါရောင် ကော်ရိုးတပ် ဟင်းလှီးဓား ၁ ချောင်း စသည့် ပစ္စည်းများဖြင့် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တရားခံ ခိုင်ဝေကို ပြည်ကြီးတံခွန်မြို့မ ရဲစခန်းက ပုဒ်မ ၃၀၂နှင့် ၄၃၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေး လျက်ရှိသည်။