ပြည့်တန်ဆာပပျောက်ရေး ဥပဒေကြောင့် ကျန်းမာရေး ပညာပေးလုပ်သားအဖြစ် Sex Worker များကို ကူညီဆောင်ရွက်နေသည့် လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူဟောင်းများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေကြောင်း သိရသည်။
“ကျမဆို ပြည့်တန်ဆာလုပ်ငန်းကို မလုပ်တာကြာပြီ။ ဘဝတူတွေအတွက် ကျန်းမာရေးဝန်ထမ်း လုပ်ပေးနေတယ်။ သူတို့ရဲ့ကျန်းမာရေးအတွက် ကွန်ဒုံးသွားဝေပေးတာကို ပြည့်တန်ဆာပပျောက်ရေး ဥပဒေအရ ကျော်ဇောမှုနဲ့ဖမ်းလို့ ထောင် ၁ နှစ်ကျခဲ့တယ်။ ဒါကြောင့် ဥပဒေမှာ လျှော့ပေါ့သင့်တာကို လျှော့ပေါ့ပေးစေချင်တယ်။ ပြစ်ဒဏ်တွေ လျှော့ပေါ့ ပေးစေချင်တယ် ” ဟု ကျန်းမာရေး ပညာရေး လုပ်သားအဖြစ် လုပ်ကိုင်နေသည့် ယခင် Sex Worker ဟောင်း မနီလာဝင်းက ပြောသည်။
ယခုအခါ ပြည့်တန်ဆာပပျောက်ရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် Sex Worker အရေးကို ဦးဆောင် လှုပ်ရှာပေးနေသည့် အဖွဲ့အစည်းများ စုပေါင်း၍ ဆွေးနွေးပွဲများကို ပြုလုပ်နေပြီး ဆွေးနွေးပွဲများမှ ရရှိလာသည့် အသေးစိတ် အချက်အလက်များကို စုစည်း၍ သက်ဆိုင်ရာသို့ တင်ပြသွားမည်ဟု မန္တလေးမြို့၌ Sex Worker အရေး ဦးဆောင်လှုပ်ရှားနေသည့် တော်ဝင်ခရေအဖွဲ့က ပြောသည်။
“လက်ရှိ တည်ဆဲဥပဒေတွေထဲက ပြည့်တန်ဆာပပျောက်ရေး ဥပဒေဆို ခေတ်နဲ့အညီ အံဝင်မှု မရှိဘူး။ ဒီဥပဒေ ပြင်ဆင်ပေးဖို့ လိုတယ်၊ ပြည့်တန်ဆာပပျောက်ရေး ဥပဒေကြောင့် နစ်နာဆုံးရှုံးမှုတွေ ရှိနေတာ အမှန်ပဲ၊ ပြင်ဆင်ပေးနိုင်အောင် ဆွေးနွေးပွဲတွေလည်း လုပ်နေကြပါတယ်” ဟု တော်ဝင်ခရေအဖွဲ့ဝင် တဦးက ပြောသည်။
လက်ရှိအချိန်၌ နိုင်ငံတဝှမ်းရှိ ပြည့်တန်ဆာများကို ဖမ်းဆီးအရေးယူရာတွင် ၁၉၄၉ ခုနှစ်က ရေးဆွဲခဲ့သည့် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပါ ပုဒ်မ ၅-၁ ၊ ပုဒ်မ ၃- က များဖြင့် အများဆုံး အရေးယူလျက်ရှိကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးမှရှေ့နေ ဦးဉာဏ်မင်းထွန်းက ဧရာဝတီကို ပြောသည်။
ရှေ့နေဦးဉာဏ်မင်းထွန်းက “ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေမှာပါတဲ့ ပုဒ်မ ၅-၁ ပြစ်မှုမြောက်စေရန် အင်္ဂါရပ်က မည်သူမဆို အခြားသူတဦးတယောက် ပြည့်တန်ဆာအဖြစ် စီးပွားရှာသူဖြစ်ကြောင်း သိလျက်နဲ့ ထိုသူရှာဖွေရရှိသော ပစ္စည်းကို လုံးဝဖြစ်စေ တစိတ်တဒေသကိုဖြစ်စေ မှီ၍အသက်မွေးဝမ်းကျောင်းပြုလျှင် ပုဒ်မ ၅ အပိုဒ်ခွဲ ၁ အရ အရေးယူ ခံရမယ်လို့ ပြဌာန်းထားတယ် ” ဟု ပြောသည်။
ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပါ ပုဒ်မ ၅-၁ ဖြင့် တရားစွဲဆိုခံရပါက ပြစ်ဒဏ်အားဖြင့် ၁ နှစ်ထက်မနည်း ၅ နှစ်ထက် မပိုသည့် ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ကျခံချမှတ်ရန် ပြဌာန်းထားကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် အက်ဥပဒေပါ ပုဒ်မ ၃ – က ၌ ပြည့်တန်ဆာကိစ္စ အလို့ငှာ နှုတ်အမူအယာဖြင့်ဖြစ်စေ ကိုယ်အမှုအရာဖြင့်ဖြစ်စေ ဟိရိသြတ္တပတရား ကင်းမဲ့လျက် မိမိကိုယ်ကာယကို တမင်လှစ်ပြ၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ အာရုံစွဲငြိစေခြင်း (သို့) အားထုတ်လျှင် ထိုသူကို ပြစ်မှုပြစ်ဒဏ်အနေဖြင့် ၆ လ ထက်မနည်း ၃ နှစ်ထက် မပိုသည့် ထောင်ဒဏ်ချမှတ်နိုင်အပြင် ငွေဒဏ်ပါ ပေးဆောင်ရန် ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ပြည်ကြီးတံခွန်မြို့နယ်မှ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူ မကေသီဦးက “ ရဲတွေကြောင့် အများဆုံးပဲ။ အတိုအပြတ်ဝတ်ထားရင် လျှပ်ပေါ်လော်လီလို့ဆိုပြီး ဖမ်းတယ်။ မြန်မာဆန်ဆန် ဝတ်ထားရင်လည်း ကျော်ဇောမှုဆိုပြီး ဖမ်းတယ်။ နောက်ပြီး လီဆယ်တယ် ဆိုပြီးတော့လည်း ဖမ်းတယ်။ အမှန်က သူတို့အသွင်ယူတဲ့သူတွေက လာပြီး လီဆယ်တာပါ။ သူတို့တောင်းတဲ့အတိုင်း ငွေကြေးလည်း ပေးနေပါလျက်နဲ့ လိုရင်လိုသလို၊ မလိုရင် မလိုသလို ဖမ်းကြတယ်။ ဒီဥပဒေကြောင့် ကျမတို့ အများကြီး နစ်နာဆုံးရှုံးနေတယ်” ဟု ပြောသည်။
ထို့အပြင် လိင်ဖျော်ဖြေမှုလုပ်ငန်း လုပ်ကိုင်ကြသူများသည် လိင်ဖျော်ဖြေမှုပေးရာ၌ ဧည့်သည်များ၏ ရိုက်နှက်ခံရခြင်း၊ ပိုက်ဆံမပေးဘဲ ခေါင်းပုံဖြတ် ခံရခြင်းများကြုံတွေ့နေပါက သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားနိုင်ခွင့် မရှိခြင်းကြောင်း လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူတချို့က ပြောသည်။
ယခုအခါ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေးဥပဒေ ပြင်ဆင်ပေးနိုင်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် ပြည်ကြီးခင်၊ တော်ဝင်ခရေ၊ ပျိုးပင်အဖွဲ့တို့ ဦးဆောင်၍ Sex Worker များကိုပါ ဖိတ်ခေါ်ပြီး ၎င်းတို့ရင်ဆိုင်နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးနေကြကြောင်း ပြည်ကြီးခင်အဖွဲ့၏ Program Manager က ပြောသည်။
ပြည်တန်ဆာပပျောက်ရေး ဥပဒေ ပြင်ဆင်ရန် ယခင်အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့ရာတွင် ဥပဒေကြမ်းအဆင့်၌ ရပ်နားထားပြီး ယခုအစိုးရလက်ထက်တွင် ပြန်လည်ပြင်ဆင်ပေးနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု Sex Worker အရေး ဦးဆောင်လှုပ်ရှားပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။