တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance – Burma) နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang တို့ ဇန်နဝါရီလ ၁၉ ရက်က တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ပလောင် (တအာန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးတာဘုန်းကျော်က “ တရုတ်နယ်စပ်ဘက်မှာ တိုက်ပွဲတွေလျှော့ချဖို့၊ ဖြစ်နိုင်ရင် ရပ်တန့်ပေးဖို့၊ အထူးသဖြင့် (တရုတ်) နှစ်သစ်ကူးမှာ တိုက်ပွဲတွေမဖြစ်ဖို့ အဓိက ပြောတယ်။ ပြီးတော့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့တွေ့ပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့ တိုက်တွန်းတယ်။ သူတို့ကူညီနိုင်မယ့် နည်းလမ်းတွေ ပြောတယ်။ အဲဒီကိစ္စတွေ ဆွေးနွေးကြတာပါ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါတွေ့ဆုံပွဲကို ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ World Trade Center တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ Mr. Sun Guoxiang နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အကြား ယခုကဲ့သို့ တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် တွေဆုံမှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်က ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ World Trade Center ၌ပင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
Mr. Sun Guoxiang သည် နေပြည်တော်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး၊ တပ်ချုပ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကလည်း အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များမှတဆင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ပြောဆိုသည်ဟု သိရသည်။
မြန်မာပြည် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်ပြီး Peace Commission အဖွဲ့ဝင် ဦးလှမောင်ရွှေက “ဆွေးနွေးဖို့ မူတော့ ရှိတယ်။ ဒါပေမယ့် Peace Commission က ဘယ်တော့တွေ့နိုင်မလဲ ဆိုတာကို မသိသေးဘူး။ မူအားဖြင့် တွေ့နိုင်တဲ့ သဘောတော့ရှိတယ်။ ဒါပေမယ့် ဘယ်တော့လဲဆိုတာက Peace Commission က ဆုံးဖြတ်မှရမှာ” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကိုယ်စားလှယ်နှင့် AA ၏ အရှေ့ဘက်စစ်ဒေသ တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန်က ၎င်းတို့အနေဖြင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း၊ မူလက တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် နှစ်ဘက်ဆက်သွယ်မှုများ ရှိသော်လည်း လက်ရှိအခြေအနေ၌ အစိုးရဘက်က တရားဝင် အကြောင်းကြား ဆက်သွယ်မှုမရှိသေးကြောင်း ပြောသည်။
ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန်က “ကျနော်တို့ဘက်ကတော့ ပိုပြီးခိုင်မာအောင်၊ တွေ့ဆုံဆွေးနွေးပွဲမှာ ပိုပြီးအားရှိအောင် “ဝ” ကို အသိသက်သေအဖြစ်ပါဖို့ ပြောဆိုကမ်းလှမ်းထားတယ်။ အဲဒီရပ်တည်ချက်အပေါ်မှာပဲ အစိုးရက၊ တပ်မတော် ဘက်ကနေ ဘယ်လိုသဘောထား တုန့်ပြန်လာမလဲဆိုတာကို ကျနော်တို့ စောင့်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
“တွေ့ဆုံမှုတွေ ကြန့်ကြာနေမယ်ဆိုရင် ဖေဖော်ဝါရီမှာ ပြုလုပ်မယ့် ၂၁ ပင်လုံအပေါ်မှာ အကြိုးသက်ရောက်မှုက တွေ့ဆုံ ဆွေးနွေးမှု အောင်မြင်ရင် အောင်မြင်သလောက် တွေ့ဆုံဆွေးနွေးပွဲ မဖြစ်ရင် မဖြစ်သလောက်တော့ ရိုက်ခတ်မှုတော့ ရှိနိုင်တာပေါ့” ဟု ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန်က ဆက်ပြောသည်။
မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်များတွင် စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။
မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း တလျှောက်တွင် မဟာမိတ်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရာပေါင်းများစွာသော ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ၍ စစ်ဘေးရှောင် ခိုလှုံနေကြရသည်။
ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာ ၂၆ ရက်တွင် တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် Peace Commission အဖွဲ့ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အစိုးရက တဖွဲ့ချင်းစီ ခွဲတွေ့လိုသော သဘောထားကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။