သတင်း

တီကျစ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ လုပ်ငန်း ရပ်တန့်ရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် ရှိ တီကျစ် ကျောက်မီးသွေး လျှပ်စစ်ဓာတ် အားပေးစက်ရုံ နှင့် သတ္တု တွင်း လုပ်ငန်းများ ကို ရပ်တန့်ပေးရန် ဒေသခံများနှင့် ပအို့ဝ်လူငယ် အစည်းအရုံးက အစိုးရကို တောင်းဆို လိုက် သည်။

ဒေသခံ ၈၄၀၀ ကျော်သည် လက်ရှိတွင် လေထု နှင့် ရေထု ညစ်ညမ်းမှုများ၊ ဆူညံမှုများ နှင့် ကြုံတွေ့ နေရသဖြင့် စက်ရုံနှင့် သတ္တုတွင်း လုပ်ကွက်များကို ရပ်တန့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

တီကျစ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှင့် သတ္တုတွင်းများအနီး နေထိုင်နေသည့် ဒေသခံများ နှင့် ပအို့ဝ် လူငယ် အစည်းအရုံးမှ တာဝန်ခံများက ဇန်နဝါရီလ ၂၀ ရက်၌ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ရှိ Orchid Hotel တွင် သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တီကျစ်ရွာ ဒေသခံ ဦးစိန်သောင်းက “မိုင်းတွင်းက ထွက်တဲ့ ကျောက်မီးသွေး စက်ရုံက ကျနော့်အိမ်နဲ့ ကိုက် ၃၀၀ ပဲ ဝေးပါတယ်။ မိုင်းတခါတခါခွဲရင် ကျနော့်အိမ်ပေါ်မှာတောင် နေလို့မရဘူး ဘုရားတနေရပါတယ်။ မိုင်းတွင်းကို ကျနော် မလိုလားပါဘူး။ အမြန်ဆုံးရပ်တန့်ပေးပါ”ဟု ပြောသည်။

သတ္တုတွင်းမှ မိုင်းခွဲခြင်းကို တနေ့လျှင် ၃ ကြိမ်ထက်မနည်း ပြုလုပ်နေပြီး တခါခွဲပါက မြေများ၊ အိမ်များပါ လှုပ်ခါသွားသည်ဟုလည်း ဦးစိန်သောင်းက ပြောဆိုသည်။

ပအို့ဝ်လူငယ် အစည်းအရုံးက ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၊ သတ္တုတွင်းများကြောင့် ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆုံးရှုံးမှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု များကို စစ်တမ်း ကောက်ယူထားသည့် “တီကျစ်မြေမှ ခေါင်းလောင်းသံ”ဟု အမည် ရှိသည့် အစီရင်ခံစာ တစောင်ကို လည်း ထုတ်ပြန်သည်။

ထို အစီရင်ခံစာတွင် တီကျစ ်ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၊ သတ္တုတွင်းတို့၏ ၂မိုင် ပတ်လည်တွင် တီကျစ် ကျေးရွာ၊ တောင်ပို့လ ကျေးရွာ၊ ပင်မှီကုန်းကျေးရွာ၊ တံတားဦးကျေးရွာ တို့ အပါအဝင် ကျေးရွာပေါင်း ၁၃ ရွာ ရှိပြီး လူဦးရေ ၈၄၀၀ ကျော် နေထိုင်လျက် ရှိကြောင်း ဖော်ပြထားသည်။

တီကျစ ်ကျောက်မီးသွေးစက်ရုံကို ၂၀၀၁ ခုနှစ်က China National Heavy Machinery Corporation Company- CHMC နှင့် မြန်မာနိုင်ငံ ဧဒင် အုပ်စု ကုမ္ပဏီ တို့က အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ရင်းနှီးမြှုပ်နှံပြီး စွမ်းအင်ဝန်ကြီး ဌာန၏ ကြီးကြပ်မှုဖြင့် စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင် စက်ရုံကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်မညီဟု ဆိုပြီး စီမံကိန်းများ အားလုံး ရပ်ဆိုင်းခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက နည်းပညာသစ်များဖြင့် ပြုပြင်သည်ဟု ဆိုကာ စက်ရုံကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး တရုတ် နိုင်ငံ၏ Wuxi Huanggaung Power Engineering ကုမ္ပဏီကို ၂၂ နှစ် လုပ်ပိုင်ခွင့် သဘောတူ စာချုပ် ချုပ်ဆိုထားသည်ဟု သိရသည်။

သတ္တုတွင်းများက တူးဖော်ပြီး ကျောက်မီးသွေးများကို ကားများဖြင့် စက်ရုံသို့ သယ်ရာ လမ်းတလျှောက်တွင်လည်း လူနေအိမ်များ၊ သောက်သုံးရေကန်များ၊ အိမ်သုံးရေကန်များ ရှိသဖြင့် ကျောက်မီးသွေးမှုန်များ လွှင့်စင်ပြီး ရေများ ညစ်ပတ်သွားကြောင်း၊ ညစ်ပတ်သွားသည့် ရေများကို သုံးစွဲရာ အရေပြားတွင် အနာများ ပေါက်ကြကြောင်းလည်း ဦးစိန်သောင်းက ဆိုသည်။

ပအို့ဝ်လူငယ် အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ခွန်ရဲသွေးကလည်း တီကျစ် ကျောက်မီးသွေး စက်ရုံ၊ သတ္တုတွင်း တို့မှ သုံးပြီး စွန့်ပစ်သည့် ညစ်ညမ်းရေများကို အထက်ဘီလူးချောင်းထဲသို့ စွန့်ပစ်ကြောင်း၊ အထက်ဘီလူးချောင်းထဲမှ ရေသည် အင်းလေးကန် ဖောင်တော်ဦးဘုရား ရှိရာဆီသို့ စီးနေခြင်း ဖြစ်ကြောင်း ပြောသည်။

ခွန်ရဲသွေးက “ရေတွေက ခဲရောင်တွေ ဖြစ်နေတယ်။ ဒါတွေကို ဒီအတိုင်း တိုက်ရိုက်စွန့်ပစ်တော့ ဒေသခံတွေ သုံးတဲ့ သဘာဝ ရေထွက်ပေါက်တွေ ဒေသခံတွေ ဟင်းသီးဟင်းရွက် ဆေးကြောတဲ့အခါ သုံးတဲ့ ချောင်းရေတွေလည်း အကုန် ညစ်သွားတယ်”ဟုလည်း ပြောပြသည်။
ပအို့ဝ် တိုင်းရင်းသားများ ကိုးကွယ်သည့် စေတီပုထိုး ၃ ဆူထက် မနည်းလည်း မိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

ပျက်စီးခဲ့သည့် စေတီပုထိုးများကို ၂၀၀၈ ခုနှစ်ကတည်းက ပြန်လည် ပြုပြင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ထိ ပြင်ဆင်ပေးခြင်း မရှိကြောင်း သိရသည်။

ပအို့ဝ်လူငယ် အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ခွန်ဦးကလည်း “စက်ရုံရဲ့ မီးခိုးခေါင်းတိုင်က ပေ ၄၀၀ ကျော် ရှိရမယ်လို့ သတ်မှတ်ထားပေမယ့် တကယ်တမ်း စက်ရုံမှာ ပေ ၂၀၀ ကျော်ပဲရှိတယ်။ အဲ့ဒီတော့ မီးခိုးတွေက အပေါ်ကို မတတ်ဘဲ ဒေသခံတွေ နေတဲ့ နေရာတွေမှာ အနံ့ဆိုးတွေ ရတယ်”ဟု ပြောသည်။

တီကျစ်ရွာမှ ဒေသခံ ဒေါ်ခင်မေသန်းကလည်း စက်ရုံမှထွက်သည့် မီးခိုးငွေ့များ၊ ကျောက်မီးသွေး နံ့များကြောင့် အိမ် အတွင်း နေထိုင်လျှင်လည်း အသက်ရှုကျပ်ကြောင်း၊ ရွာအတွင်းရှိ သက်ကြီး ရွယ်အိုများတွင်လည်း အသက်ရှု လမ်းကြောင်း ရောဂါများ ရသဖြင့် ဆေးရုံများတွင် ကုသနေရကြောင်း ပြောပြသည် ။

စက်ရုံ စတင် တည်ထောင်စဉ်ကလည်း ဒေသခံများ၏ လယ်မြေ ဧက ၅၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး တဧကလျှင် ကျပ်ငွေ ၆၀၀၀ မှ ၂၀၀၀၀ ကျပ် အထိသာ ပေးခဲ့သည်ဟု ဒေသခံ ကိုစိုင်းတူးကလည်း ပြောသည်။

ကိုစိုင်းတူးက “အခု သတ္တုတွင်း တူးတော့လည်း တူးတဲ့ မြေစာတွေကို လယ်မြေတွေပေါ် ပုံတယ်။ ကျနော်တို့ ဒေသခံတွေက ၂ခါ နစ်နာတယ်”ဟုလည်း ပြောဆိုသည်။

ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာကို ထုတ်ပြန်နိုင်ရန်လည်း စစ်တမ်း ကောက်ယူမှုများ၊ သတင်း အချက်အလက် စုံစမ်းစစ်ဆေးမှု များကို ၆ နှစ်ကြာ ပြုလုပ်ခဲ့ရသည်ဟု ပအို့ဝ် လူငယ်အစည်းအရုံးက ပြောသည်။

စီမံကိန်းများကို ရပ်တန့် ပေးစေချင်သည့်အပြင် ဒေသခံများ၏ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို ပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်ပေးရန်၊ ဒေသခံများ၏ နစ်နာမှုများ အတွက် လျော်ကြေးများ ထိုက်ထိုက်တန်တန် ပေးရန် လိုသည်ဟု ခွန်ရဲသွေးကလည်း ပြောဆိုသည်။

တီကျစ်ကျောက်မီးသွေးစက်ရုံသည် ပတ်ဝန်းကျင် ထိခိုက်မှုများကို ဆန်းစစ်လေ့လာမှု (EIA) ၊ လူမှုဘဝ ထိခိုက်မှုများ ကို ဆန်းစစ်လေ့လာမှု (SIA) များကို လုပ်ဆောင်ထားခြင်း မရှိခဲ့ပါ။

သို့သော် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ကုမ္ပဏီဘက်မှ လုပ်ဆောင်ရန် ပြင်ဆင်နေပြီး ဒေသခံများကို ကွင်းဆင်း မေးမြန်းမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading