အမေရိကန်သမ္မတသစ်ရာထူးအတွက် ဒေါ်နယ်ထရမ့်ဟာ မနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီဖြစ်ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုရာမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ဒါဟာ အစိုးရတရပ်ကနေ နောက်အစိုးရ ဆီကို အာဏာလွှဲပြောင်းတာမဟုတ်သလို၊ ပါတီတခုကနေ နောက်တခုကို လွှဲပြောင်းပေးတာလည်း မဟုတ်ပါဘူး၊ ဝါရှင်တန်ဒီစီမြို့တော်က အာဏာကို အမေရိကန်လူထုဆီကို ပြန်လည်တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါအပြင် ဝါရှင်တန်က လူနည်းစုဟာ အစိုးရရဲ့ အကျိုးအမြတ်တွေကို ရယူနေပြီး၊ ပြည်သူတွေကတော့ ပေးဆပ်နေရကာ၊ ဝါရှင်တန်သာ ကြီးပွားလာတယ်၊ ပြည်သူတွေကတော့ ချမ်းသာမှုကို မခံစားရဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးသမားတွေ ကြီးပွားသွားပေမယ်၊ ကျန်တဲ့သူတွေမှာတော့ စက်ရုံတေ အလုပ်ရုံတွေ ပိတ်ထားရသလို အလုပ်အကိုင်တွေ ဆုံးရှုံးသွားတယ်၊ အာဏာရှိတဲ့ အသိုင်းအဝန်းကတော့ ကိုယ်ကိုကိုယ်ကာကွယ်နိုင် ပေမယ့် ပြည်သူတွေကတော့ အကာအကွယ်မဲ့နေတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့အောင်မြင်မှုဟာ ခင်ဗျားတို့အောင်မြင်မဟုတ်သလို ဝါရှင်တန်မှာ သူတို့အောင်ပွဲခံနေချိန်မှာ နိုင်ငံဝတဝှမ်းက ခက်ခဲစွာ ရပ်တည်နေရတဲ့ မိသားစုတွေဟာ အောင်ပွဲမခံနိုင်ဘူး၊ အခု အဲဒီအပြောင်း အလဲတွေကို စတင်နေပြီ၊ အမေရိကန်ဟာ ခင်ဗျားတို့ တိုင်းပြည်ဖြစ်တယ်၊ အစိုးရကို ဘယ်ပါတီက ထိန်းချုပ်ထားသလဲဆိုတာထက် အစိုးရပြည်သူက ထိန်းချုပ်ထားနိုင်လားဆိုတာကသာ အဓိကကိစ္စ ဖြစ်တယ်။
ခင်ဗျားတို့ရဲ့အသံကို အခုချိန်မှာ လူတိုင်းက နားထောင်နေပြီလို့လည်း ဆိုလိုက်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်လုပ်ငန်းတွေကို စတေးကာ နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေကို ချမ်းသာစေခဲ့သလို၊ စစ်တပ်ဟာ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကို မကာကွယ်ပဲ၊ သူများနယ်နိမိတ်တွေကို ကာကွယ်ခဲ့ရတယ်၊ သူများစစ်တပ်ကို အထောက်အပံပေးနေရတယ်၊ ပင်လယ်ရပ်ခြားမှာ အကုန်အကျ ခံနေရတယ်၊ ကျနော်တို့ ချမ်းသာမှုကို မှေးမှိန်စေပြီး သူများချမ်းသာအောင်လုပ်နေရတယ်၊ နိုင်ငံထဲကနေ စက်ရုံတွေ တခုပြီးတခု ထွက်ခဲ့ကာ ပြည်တွင်းက အမေရိကန်တွေ သန်းနဲ့ချီပြီး အလုပ်အကိုင် ဆုံးရှုံးခဲ့ရတာကို မစဉ်းကြဘူးလို့လည်းဆိုပါတယ်။
အဲဒီအတွက် အားလုံးညီညွတ်မှုနဲ့ အမေရိကန်နိုင်ငံကြီး ပြန်လည်ခွန်အားကြီးလာအောင် လုပ်ကြစို့၊
အမေရိကန်နိုင်ငံကြီး ပြန်လည် ချမ်းသာကြွယ်ဝလာအောင် လုပ်ကြစို့၊ လုံခြံအောင်လုပ်ကြစို့၊ အားလုံးစုပေါင်းပြီး ကြီးမြတ်တဲ့ အမေရိကန် နိုင်ငံဖြစ်လာအောင် လုပ်ကြစို့၊ ဘုရားသခင်ကောင်းချီးပေးပါ စေလို့ဆိုလိုက်ပါတယ်။
သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းအပြီးမှာ သမ္မတဟောင်း အိုဘားမားကလည်း ကောင်းချီးပေး ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးကတော့ ဆင်းရဲသားတွေကို သနားညှာတာဖို့နဲ့ ကျင့်ဝတ်သိက္ခာနဲ့ အညီ လျှော်ညီစွာ ပြုမူဖို့ အကြံပြုလိုက်ပါတယ်။
သူ ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်မှာပဲ သူ့ကို မနှစ်သက်တဲ့သူတွေကလည်း ဆန္ဒပြမှုများပြုလုပ်နေရာ ဆန္ဒပြသူတွေနဲ့ ဆန့်ကျင်ရေးသမားတွေ ထိပ်တိုက်တွေ့ပြီး လူ ၉၀ကျော် အဖမ်းခံခဲ့ရပါတယ်။
ဒူးမားလို့ခေါ်တဲ့ ရုရှား လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ အလက်ဇီ ပွတ်ရှ်ကော့ဗ်ကတော့ ထရမ် သမ္မတဖြစ်လာတာဟာ အမေရိကန်သမိုင်းမှာ စိတ်လှုပ်ရှားမှု အကောင်းဆုံးဖြစ်သလို၊ အုပ်ချုပ်သူတွေအကြား စိတ်ကြီးမားတဲ့စိတ်ဝမ်းကွဲမှုကို မြင်လိုက်ရတာဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။