ယခင် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက်က တိုင်းအတွင်းရှိ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ၂ ဒသမ ၈ ဘီလီယံ (ကျပ် သန်း ၃၀ဝ၀) ခန့် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ကောက်ခံခဲ့သော်လည်း စာရင်းမပြနိုင်ခြင်းအတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စ သုံးလုံး) ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရကြောင်း သတင်းရရှိသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကူညီတောင်းခံမှုများ ရှိသဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရာ အစိုးရက မကွေးတိုင်းရှိ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စ သုံးလုံး) ကို တာဝန်ပေးခဲ့ကြောင်း၊ စသုံးလုံးက မကွေးတိုင်းအတွင်းရှိ ဌာနဆိုင်ရာများ ဖြစ်သည့် အခွန်၊ ဘဏ်နှင့် စာရင်းစစ်တို့ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဧရာဝတီသို့ ဖုန်းမှတဆင့် ဖြေကြားသည်။
“ဒီကိစ္စကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလောက် သြဇာအာဏာ သက်ရောက်မယ် မထင်ဘူး။ မကွေးတိုင်းမှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေး စ သုံးလုံးကို တာဝန်ပေးတာ။ စ သုံးလုံးက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို စစ်သင့် စစ်ထိုက်တာတွေကို စစ်တယ်။ အခွန်တို့၊ ဘဏ်၊ စာရင်းစစ်တို့ အကုန်လုံး မေးသင့်မေးထိုက်တာတွေကို လိုက်မေးတယ်” ဟု ဒေါက်တာ အောင်မိုးညိုက ပြောသည်။
စုံစမ်းစစ်ဆေးခံရမှုတွင် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး ဝန်ကြီးတချို့နှင့် ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
“ဝန်ကြီးချုပ်ဟောင်းတွေ၊ ဝန်ကြီးဟောင်းတွေ၊ ညွှန်ကြားရေးမှူးဟောင်းတွေ၊ ဒုညွှန်ချုပ်တွေကို စစ်တယ်ဆိုတာ ကျနော် မသိဘူး။ စုံစမ်းစစ်ဆေးတာတော့ အမှန်ပဲ။ ဘယ်သူတွေကို စစ်တယ်ဆိုတာကိုတော့ ကျနော်လည်း မသိဘူး။ ကျနော် သိတာက စုံးစမ်း စစ်ဆေး ပြီးတော့ ရတဲ့အစီရင်ခံစာကို ပြည်ထောင်စု အစိုးရဆီကို ပို့လိုက်ပြီဆိုတာပဲ” ဟု ဒေါက်တာ အောင်မိုးညိုက ပြောသည်။
ယခု ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ပျောက်ဆုံးသည့် ကိစ္စသည် ယခင်အစိုးရအဖွဲ့က ဖောင်ဒေးရှင်းပုံစံ ဖွဲ့၍ ကောက်ခံခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) နှင့် သက်ဆိုင်မှု မရှိကြောင်း၊ ယခု စုံစမ်းစစ်ဆေးမှုတွင်လည်း သက်ဆိုင်သူများကိုသာ ခေါ်ယူစစ်ဆေးခြင်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ မပါဝင်ကြောင်း မကွေးတိုင်း၊ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ဧရာဝတီသို့ ပြောသည်။
ရေနံလက်ယက်တွင်းများ ကိစ္စကို ၂၀၁၆ ခုနှစ် မေလအတွင်းက ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သူ ပွင့်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ၄င်း၏ တင်ပြချက်များကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်က မကွေးတိုင်း အစိုးရအဖွဲ့သည် စသုံးလုံး၏ စုံးစမ်းစစ်ဆေးမှုကို ခံရကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးထွန်းထွန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ကောက်ခံခဲ့သည့် ကျပ် ၂ ဒသမ ၈ ဘီလီယံခန့်သည် ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် သုံးစွဲခဲ့ပါသလားဆိုသည့် မေးခွန်းကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့ခြင်း မရှိသလို ယခုအစိုးရသို့လည်း လွှဲပြောင်းခဲ့ခြင်း မရှိဟု လက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
“ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းက လွှဲပြောင်းပေးခဲ့ခြင်းလည်း မရှိဘူး။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ပေးခဲ့ခြင်းလည်း မရှိဘူး ဆိုပြီးတော့ ဖြေခဲ့တယ်။ အဲဒီငွေတွေကို မကွေးတိုင်းရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ပေးခဲ့ခြင်း မရှိဘူး။ ဒါတွေသာ အမှန်အတိုင်း ဆောင်ရွက်ခဲ့မယ်ဆိုရင် စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ၊ လမ်းတံတားတွေ ကျနော်တို့ အများကြီးဆောက်လို့ ရတယ်” ဟု ဦးထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။
၄င်းက ဆက်၍ “ဝန်ကြီးက ဒါကို စုံစမ်းပြီးတော့ ပြန်လည် ဖြေကြားပေးပါ့မယ်ဆိုပြီး ဖြေခဲ့တယ်။ အခုလက်ရှိ အနေအထားအရတော့ သူတို့လည်း စုံစမ်းတယ်။ စစ်ဆေးတယ်။ မေးမြန်းတယ်ပေါ့။ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက စပြီး စ သုံးလုံးကခေါ်ယူ စစ်ဆေး နေတယ်လို့ သိရတယ်” ဟု ပြောသည်။
လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် လက်ထက်တွင်မူ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ငွေကို မြန်မာ့ စီးပွားရေးဘဏ်သို့ စာရင်းသွင်းခိုင်းပြီး အစိုးရသစ် ၆ လတာ ကာလအတွင်း ရရှိသည့်ငွေ ကျပ်သိန်းပေါင်း ၃၈၅၀ ကို မကွေးတိုင်းအတွင်းရှိ မြို့ ၂၅ မြို့အတွက် တမြို့နယ်လျှင် ကျပ် ၃ သန်း နှုန်းဖြင့် ခွဲဝေပေးလိုက်ပြီး ဖြစ်ကြောင်း သိရသည်။
“အဲဒီရတဲ့ ငွေတွေကို လက်ရှိ ဝန်ကြီးချုပ်က မကွေးတိုင်း ၂၅ မြို့နယ်အတွက် တမြို့နယ်ကို ကျပ် ၃ သန်း ခွဲဝေမယ်လို့ ကျနော်တို့ ကြားသိရပြီးပါပြီ။ အဲဒီငွေတွေကိုလည်း အခု သုံးစွဲရတော့မှာပါ။ အစိုးရသစ် လက်ထက်မှာ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ စနစ်တကျ လုပ်တဲ့အတွက် အခုလို သုံးစွဲရခြင်း ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
ယခင်အစိုးရလက်ထက်က ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဟုဆိုကာ ရေနံတပေပါလျှင် ကျပ် ၅၀ဝ၀ နှုန်းဖြင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးနေမျိုးကျော်ကလည်း “အရင် နိုင်ငံတော် အာဏာကို ရယူသွားတဲ့သူတွေဟာ ဘယ်လို အဂတိ တရားတွေနဲ့ နိုင်ငံတော် ဘဏ္ဍာကို ကိုင်တွယ်သွားတယ်ဆိုတာ၊ အလွဲသုံးစား လုပ်သွားတယ်ဆိုတဲ့ အကြောင်းအရာဟာ အချက်အလက်တွေနဲ့ သက်သေပြဖို့ထက် သာမန် ဆင်ခြင်တုံတရားရှိရုံ သိနိုင်တဲ့အရာကို သက်သေပြစရာ မလိုတဲ့အတွက် ခိုင်လုံတယ်လို့ပဲ ကျနော် ပြောလိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။