ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထား ဆိုင်ရာ ဆွေးနွေးပွဲတွင် စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကခဲ့သည့် ကျောင်းသား ၉ ဦးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှုဖြင့် ပုသိမ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ပုသိမ်ဟိုတယ်တွင် ဇန်နဝါရီလ ၉ ရက် နေ့က ကျောင်းသားများ ပြဇာတ် ကပြခဲ့ရာတွင် ဇာတ်ဝင်ခန်း တချို့မှာ တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင် (စစ်ဦးစီး ပထမတန်း) က တရားလိုပြုလုပ်၍ ကျောင်းသား ၉ ဦးကို ပုသိမ်မြို့နယ် တရားရုံးတွင် ဇန်နဝါရီလ ၁၇ ရက်နေ့က အသေရဖျက်မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါအမှုကို ပုသိမ်မြို့နယ် တရားရုံးက ပုသိမ်မြို့မ ရဲစခန်းကို စစ်ဆေးတင်ပြရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တာဝန်ပေးခဲ့ရာ မြို့မရဲစခန်းက ပြဇာတ်တွင် ပါဝင်ကပြသူ ကျောင်းသားများကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ပုသိမ်ဟိုတယ်မှာ ကပြတဲ့ပြဇာတ်က တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ တရားစွဲတာပါ။ တရားရုံးက ကျနော်တို့ကို ကျင့် ၂၀၂ နဲ့ အမှုကို စစ်ဆေးဖို့ တာဝန်ပေးထားတဲ့ အတွက် ကျောင်းသားတွေကိုတော့ မေးမြန်းမှုတချို့ လုပ်ဆောင်နေပါတယ်။ အမှု တည်ဆောက်ပြီးသွားရင် အမှုကို တရားရုံးကို ပြန်လည် တင်ပို့ပေး သွားမှာပါ” ဟု ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူး မျိုးသူက ဧရာဝတီကို ပြောသည်။
ပြဇာတ်ကပြခဲ့သည့် ကျောင်းသားအဖွဲ့တွင် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ၄ ဦး၊ ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ၃ ဦးနှင့် အဝေးသင် တက္ကသိုလ် ကျောင်းသား ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ပုသိမ်ဟိုတယ်တွင် ကျောင်းသားများ ကပြခဲ့သည့် ပြဇာတ်မှာ စစ်ပွဲထောက်ခံသူများကို အောက်ဆီဂျင် အမည်ရှိ သတင်းဌာနမှ အင်တာဗျူး မေးမြန်းသည့်ပုံစံဖြင့် တင်ဆက် ကပြခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ပြဇာတ်တခုလုံးရဲ့ ရည်ရွယ်ချက်ကိုက တပ်မတော်ကိုရော ဘယ်လက်နက်ကိုင် အဖွဲ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘူး။ ကျနော်တို့က စစ်ပွဲတွေကို အလိုမရှိတာကို ပြောချင်တာ။ စစ်ပွဲကြောင့် လူတွေဒီလောက် ဒုက္ခ ရောက်နေတာကို စစ်ပွဲ ထောက်ခံသူတွေ ရှိနေတဲ့အတွက် စစ်ထောက်ခံပွဲကို ဟာသပုံစံနဲ့ တင်ဆက်ခဲ့တာပါ။ ဒီအပေါ်မှာ သူတို့က တပ်မတော်ကို ထိခိုက်တဲ့စကားလုံး အသုံးအနှုန်းတွေ ပါတယ်ဆိုပြီး တရားစွဲတာလို့ ထင်ပါတယ်” ဟု ပြဇာတ်ကပြမှု ဦးဆောင်သူ ပုသိမ်တက္ကသိုလ် အဝေးသင်ကျောင်းသား ကိုအောင်ခန့်ဇော်က ပြောသည်။
ကျောင်းသားများ ပြဇာတ်ကပြခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားဆိုင်ရာ ဆွေးနွေးပွဲသို့ ဧရာဝတီ တိုင်းဒေသကြီး ၂၆ မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ တောင်သူ လယ်သမား အဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့များ စုစုပေါင်း ၅၂ ဖွဲ့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ပုသိမ်ဟိုတယ်မှ ကမ်းနားလမ်းရှိ မြို့တော်ခန်းမရှေ့အထိ စစ်ပွဲများအလိုမရှိကြောင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။