၁၆ရာစုက သံလျင်မြို့၌လာရောက်အခြေချခဲ့သည့် ပေါ်တူဂီတို့နှင့်ပတ်သက်ပြီး သုတေသနပြုလုပ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် သြစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာနှင့် ပေါ်တူဂီအသိုင်း အဝိုင်းဗဟိုချက်ဖြစ်သည့် သံလျင်မြို့ရေနံဝန်းအတွင်းရှိ ပေါ်တူဂီဘုရား ကျောင်းဝန်းကျင်၌ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုကို လာမည့် ဖေဖေါ်ဝါရီလတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်မီမီခိုင်က “ကွင်းစလန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်ဦးစီး ဌာနက ဝန်ထမ်းတွေ ပူးပေါင်းတူးဖော်မှာပါ၊ ဒီလိုတူးဖော်တဲ့အတွက် နည်းပညာဖလှယ်မှုတွေဖြစ်နိုင်သလို အတွေ့အကြုံ ကောင်း တွေလည်း အများကြီးရမှာဖြစ်ပါတယ်”လို့ ဆိုသည်။
တူးဖော်မှုကို ဖေဖေါ်ဝါရီလ ၁ရက်နေ့မှ ၁၅ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ကွင်းစလန်တက္ကသိုလ်မှ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အင်ဒရူး ဆနက်ဒန်က ဦးဆောင်ကာ ဒေါက်တာ ဂျွန်ပရင့်နယ်၊ ဒေါက်တာ ကယ်ဆီလိုးတို့က မြေတူးဖော်မှုကို လုပ်ကိုင်မည်ဖြစ်ပြီး သြစတြေးလျ ကျောင်းသား ၁၀ဦးခန့် ပါဝင်မည်ဖြစ် ကြောင်းသိရသည်။
သုတေသနပြုလိုသည့် အချက်များမှာ ပေါ်တူဂီဘုရားကျောင်းကြီး မတည်ရှိမီ ၁၇၀၀ခုနှစ်ခန့်က ဤနေရာတွင် မည်သည့်အဆောက်အဦးတည်ရှိခဲ့သည်ကို သိရှိရန်၊ မြန်မာ- ပေါ်တူဂီ ကုန်သွယ်ရေး နှင့် ပတ်သက်သည့် အထောက်အထားများရရှိရန်၊ ဒေသခံ မြန်မာအပါအဝင် တိုင်းရင်းသားများနှင့် နိုင်ငံခြားအသိုင်းအဝန်း အပြန် အလှန်ဆက်သွယ်မှု အထောက်အထားတို့ ရရှိရန်၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ခန့်က သံလျင်ဒေသခံများ မည်ကဲ့သို့ နေထိုင်ခဲ့သည်ကို သိရှိရန် အတွက် ရည်ရွယ်သည်။
ရှာဖွေရာတွင် မြေကြီးကို ပျက်စီးမှုမဖြစ်စေရန် Ground Penetrating Radar(မြေကြီး အတွင်းထိုး စိုက်ပြုလုပ်မည့်ရေဒါ) နှင့် Magnetometer(သံလိုက်ဓာတ်တိုင်းတာသည့်ကရိယာ)တို့ကို အသုံးပြုကာ မြေကြီးတွင်းရှိ နံရံနှင့် အခြားရှေးဟောင်း သုတေသနပစ္စည်းများကို ရှာဖွေမည်ဖြစ်ပြီး၊ လိုအပ်ပါက လေးထောင့်ကွက်များတွင်းမြောင်းများကို တည်ဆောက်ကာ နည်းပညာဆိုင်ရာ စံနှုန်းများနှင့် အညီတူးဖော်မည် ကြောင်းသိရသည်။
တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများကို စာတမ်းထိုးကာ အဆင့်မြင့် ပလတ်စတစ်အိတ်များဖြင့် ချိတ်ပိတ် ထားသိုကာ လုံခြုံစွာထည့်ထားသည့် သေတ္တာများဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးအပ်မည်ဖြစ်သည်။
တူးဖော်ရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနသာမက ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာ ပညာဌာနနှင့် ရန်ကုန်ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ကိုလည်း ပူးပေါင်းပါဝင်ရန် လိုလားကြောင်းသိ ရသည်။
တူးဖော်မှုအချိန်ကို ၂ပတ်ခန့်ယူမည်ဖြစ်ပြီး တူးဖော်မှုအပါအဝင် နေထိုင်သွားလာရေးနှင့် စရိတ်များ ကွင်းစလန် တက္ကသိုလ်မှ ကုန်ကျခံမည်ဖြစ်သည်။
ပေါ်တူဂီတို့သည် ၁၄၉၈ ခုနှစ် ဗာစကိုဒဂါးမား အိန္ဒိယတိုက်ငယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်း မြန်မာအပါအဝင်၊ အိန္ဒိယ ဂိုအာ၊ ထိုင်း၊ မလေးရှား မလက္ကာ၊ မက္ကာအိုစသည့် ဒေသများသို့ ကူးသန်းရောင်းဝယ်ရင်း အစောဆုံးအခြချနေထိုင်ခဲ့သူများ ဖြစ်သည်။
တောင်ငူဘုရင် တပင်ရွှေထီး၊ ရခိုင်ဘုရင် မင်းရာဇာကြီးအပါအဝင် ဘုရင့်နောင်၏ ဟံသာဝတီ အင်ပါယာတွင်လည်း ပေါ်တူဂီကြေးစားစစ်သားများ အများဆုံးအမှုထမ်းခဲ့သည်။
၁၅၅၉-၆၀ ခုနှစ်ခန့်တွင် ပေါ်တူဂီကြေးစားစစ်သား ဖိလစ် ဒီဗရစ်တို နီကီတီ(ငဇင်ကာ) ဟာ သံလျင်ဆိပ်ကမ်းမြို့ ဘုရင်ခံဖြစ်လာကာ ကုန်သွယ်ရေး နယ်ချဲ့မှုများပြုလုပ်လာသည့်အတွက် ၁၆၁၃ ခုနှစ်မှာ အနောက်ဖက်လွန်မင်းက သံလျင်ကို သိမ်းပိုက်ကာ ငဇင်ကာနှင့် တောင်ငူဘုရင် နတ်ရှင်နောင်ကို သုတ်သင်ကာ ကျန်ပေါ်တူဂီ ၅ထောင်ကျော် ကို သုံ့ပန်းအဖြစ် ဖမ်းဆီးကာ အထက်မြန်မာပြည်သို့ ပို့ဆောင်ကာ မြန်မာပြည်စစ်ပွဲများတွင် ပါဝင်ပတ်သက်လာသူများဖြစ် သည်။
ထို့အတွက် ယနေ့တိုင် ရွှေဘိုခရိုင် မူးမြစ်ဝှမ်းရှိ ချမ်းသာ၊ ချောင်းရိုး၊ မုံလှ၊ ချောင်းဦး၊ တပရင်း၊ မေဂွန် စသည့် ကျေးရွာများတွင် ပေါ်တူဂီအနွယ် ရိုမန်ကက်သလစ်ဘာသာဝင်အများအပြား ကျန်ရှိနေကြသည်။
လက်ရှိ သံလျင်တွင် တည်ရှိနေသည့် ရိုမန်ကက်သလစ်(ပေါ်တူဂီ)ဘုရားကျောင်းကြီးမှာ ၁၇၄၉ခုနှစ် အီတလီဘုန်းတော် ကြီး ပေါလို မာရီ နယ်ရီးနီးနှင့် ကိုရင်ကြီး အန်းဂျေလို ကာပဲလိုတို့က အာမေနီးယားလူမျိုး ကုန်သည်ကြီး နီကောလားစ် ဒေ အာဂွာလာ၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ပေါ်တူဂီဘုရားကျောင်းဟုသာ ခေါ်ဝေါ်သုံးစွဲကြသည်။
အဆိုပါ ဘုရားကျောင်းပရဝုဏ်အတွင်း မူယစ်ဆေးဝါး သုံးစွဲသူများ၊ ပြည့်တန်ဆာနှင့် ပျော်ပါးသူများ၊ စုံတွဲများ လာရောက် နေထိုင်မှုများရှိခဲ့ပြီးနောက် ဧရာဝတီသတင်းဌာနမှ သွားရောက်လေ့လာပြီး ထောက်ပြရေးသားခဲ့ပြီးနောက်ပိုင်းတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနက ပိုမိုထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။
ဆက်စပ်ဖတ်ရှု့ရန်
သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း
အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ