သတင်း

နိုင်ငံတော် သတင်းလုံခြုံရေး နှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ မေးခွန်းထုတ်

အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ရှိနေချိန်တွင် နိုင်ငံတော်၏ အရေးကြီးသတင်း လုံခြုံမှုသည် ထိတ်လန့် စရာ၊ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောသည်။

ကြံ့ခိုင်ရေး ပါတီက ဦးစီးသည့် ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သော နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်ပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ/လုံ) သက်ဝင် လှုပ်ရှားနိုင်မှု မရှိခြင်း နှင့် အဖွဲ့အစည်း သစ်များ ဖွဲ့စည်း အစားထိုးခြင်းတို့ကိုလည်း ဦးသန်ဌေးက ဝေဖန်ထောက်ပြ သည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကဲ့သို့ တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှု များ ရှိနေချိန်တွင် လတ်တလော သက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့များ ရှိနေသော်လည်း သတင်း အချက်အလက်ရရှိမှု အားနည်းခဲ့ကြောင်းနှင့် လုံခြုံရေးနှင့်သက်ဆိုင်သည့် အကြံပြုချက်များကို အစိုးရထံသို့ ပေးပို့မည်ဖြစ်ကြောင်းလည်း သိရ သည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက“သတင်းလုံခြုံရေးက နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း ပြည် သူများ သတိပြုကြစေချင်ပါတယ်၊ လုံခြုံရေးကျိုးပေါက်မှုကြောင့် လူစိမ်း၊ လူကျက်၊ လူဆိုး၊ လူကောင်း ခွဲရခက် လာတဲ့ အပြင် စီးပွားရေးကျဆင်းမှုက ထပ်မံ အားဖြည့်လိုက်တဲ့အခါ စံချိန်တင်တဲ့ ရာဇဝတ်မှုတွေ၊ ဥပဒေချိုးဖောက်မှုတွေက ထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်”ဟု ပြောသည်။

အစိုးရသစ်အနေဖြင့် မကြာသေးခင်က အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် သံအမတ်ဟောင်း ဦးသောင်းထွန်းကို ခန့်အပ်ခဲ့ခြင်း၊ စစ်အစိုးရလက်ထက် ပြဌာန်းကျင့်သုံးခဲ့သည့် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ဧည့် စာရင်း တိုင်ကြားရမှုများ စသည့် ဥပဒေတချို့ကိုလည်း ဒီမိုကရေစီနှင့် ကိုက်ညီမှုမရှိဟု ဆိုကာ ပြင်ဆင်ဖျက်သိမ်းခြင်း များ ရှိခဲ့သည်။

ကာ/လုံ အစည်းအဝေးနှင့်ပတ်သက်၍ ခေါ်ယူကျင်းပခြင်း မရှိသေးသော်လည်း ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက် ခံရမှုဖြစ်စဉ်တွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကြား တွေ့ဆုံးဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

ဆွေးနွေးပွဲတက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ရန်ကုန်တိုင်း ဒု ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက “ဥပဒေတွေကို ပြင်ဆင် ပယ်ဖျက်တာတွေ လုပ်တာမှာ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ကြတာပါ၊ ဒီမှာ အမြင်ကွဲလွဲတာတွေ ရှိနိုင်ပါတယ်၊ ညသန်းခေါင် အိမ်ပေါ် ခြင်ထောင် တက်လှန်မယ့် ဧည့်စာရင်းလို ဥပဒေဖျက်လိုက်တာက ပြည်သူတဦးချင်းကို ပိုပြီးလုံခြုံစေမှာပါ”ဟု ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်လာသူ တချို့ကလည်း လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော် ထောက်လှမ်းရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ ထောက်လှမ်းရေး အဖွဲ့အစည်း တချို့ရှိနေသော်လည်း အမျိုးသား ထောက်လှမ်းရေး ကဲ့သို့ အဖွဲ့အစည်းတရပ် ဖွဲ့စည်းရန် လိုအပ်နေကြောင်းလည်း ထောက်ပြသည်။

အမျိုးသားလုံခြုံရေးနှင့် ဒီမိုကရေစီ အကူးအပြောင်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဒေါက်တာ မင်းဇော်ဦး က “ကျနော်တို့မှာ အဓိကလိုအပ်နေတာက အမျိုးသားလုံခြုံရေး ဆိုင်ရာ ပေါ်လစီ တခုပါ၊ အစိုးရရော၊ တပ်မတော်ရော၊ လွှတ်တော်ရော အာလုံးရဲ့ကြားက တခုပေါ့။ အဲ့ဒါရှိပြီဆိုရင်တော့ အမျိုးသား လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ တခု ရှိသင့်ပါပြီ”ဟု ပြောသည်။

ဆွေးနွေးပွဲအတွင်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပြောကြားမှုများနှင့် အမျိုးသား ထောက်လှမ်းရေး ခိုင်ခိုင်မာမာ ပြန်လည် ဖွဲ့စည်းရေး အကြံပြုချက်များအပေါ် ကြိုဆိုကြောင်း၊ မတူညီသည့် ဝေဖန်အကြံပြုချက်များကို အသုံးချနိုင်ပါက အကျိုးရှိ မည်ဖြစ်ကြောင်း NLD ပါတီမှ ဒေါက်တာ စိုးဝင်းဦးက ပြောဆိုသည်။

Loading