ရှမ်းနှင့် ကချင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၌ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့ ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
TNLA နှင့် တပ်မတော်တို့သည် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာနှင့် ပန်လုံကျေးရွာကြား၌ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီမှ ၁၁ နာရီ ကျော်အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲတွင် အစိုးရ တပ်မတော် က ရဟတ်ယာဉ် နှစ်စီးဖြင့် စစ်ကူ ပစ်ပေးခဲ့ကြောင်း TNLA ၏ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော် က ဧရာဝတီ ကို ပြောသည်။
၎င်းက “ကွတ်ခိုင်အခြေစိုက် ခလရ ၄၅ တပ်စခန်းကနေ ကျနော်တို့ဘက်ကို ၁၀၅ မမ အမြောက်တွေနဲ့ ထုတယ်၊ ၁၁ နာရီ လောက်မှာ တခါ ရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းကနေပြီး စစ်ကူပစ်ပေးတယ်၊ လောလောဆယ်မှာ ကျနော်တို့ ဘက်ကတော့ ထိခိုက် ကျဆုံးမှု မရှိပါဘူး”ဟုလည်း ပြောဆိုသည်။
အစိုးရ တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) ၆၅၇၊ ၂၀၃ နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီ လ ၂၂ ရက်နေ့ကလည်း တိုက်ပွဲများရှိခဲ့ပြီး ယခုလအတွင်း တိုက်ပွဲကြီး ၁၀ ကြိမ်ကျော်အထိ ဖြစ်ပွားခဲ့ကြောင်း မိုင်းအိုက်ကျော် က ပြောသည်။
မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့်လည်း အစိုးရ တပ်မတော်တို့ကြား ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေကြောင်း မိုင်းအိုက်ကျော် က ဆက်ပြောသည်။
မူဆယ်မြို့နယ်တွင် တပ်မတော် စစ်ကြောင်းများနှင့် (KIA)တို့ကြား ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများကြား တပ်မတော်ဘက်မှ စစ်သည်တချို့ ထိခိုက် ဒဏ်ရာရမှု ရှိခဲ့ပြီး၊ KIA ဘက်မှ လူသေ အလောင်း တလောင်း၊ အမ်၂၂ သေနတ် တလက်နှင့် KIA တံဆိပ်ပါ စစ်သုံး ပစ္စည်းများ သိမ်းဆည်း ရမိ ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယမန်နေ့က ထုတ်ပြန်ထားသည်။
ထို့အတူ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင်လည်း တပ်မတော် စစ်ကြောင်းများနှင့် (KIA)တို့ကြား ဇန်နဝါရီ လ ၂၁ ရက်နေ့ က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော် (MNDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ ပါဝင်သည်။
တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ကြား တိုက်ပွဲများသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ဆက်တိုက်ဖြစ်ပွား ခဲ့ပြီး နှစ်ဖက်စလုံးမှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ကြား တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြသော်လည်း ယနေ့အထိ အဆင်ပြေမှု မရှိ သေးပေ။
မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးမည်ဆိုပါက တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)တို့ကိုပါ အစည်းအဝေး တက်ရောက်ခွင့်ပြုပေးရန် တောင်းဆို ထားသော် လည်း အစိုးရဘက်က အကြောင်း ပြန်မှု မရှိသေးဟု သိရသည်။
မဟာမိတ် အဖွဲ့၏ ပြောခွင့်ရသူလည်း ဖြစ်သည့် မိုင်းအိုက်ကျော် က “မဟာမိတ်အဖွဲ့နဲ့ အစိုးရတို့ တွေ့ဆုံပွဲကို ဝ နဲ့ တရုတ် ကိုယ်စားလှယ်တွေပါ ပါဝင်ခွင့်ပေးဖို့ ကျနော်တို့က တောင်းဆိုထားတယ်၊ သူတို့က ပါဝင်ပေမယ့် ထိုင်ပြီး နားထောင်ရုံပဲ နားထောင်ဖို့ပါ၊ ပါဝင်ဆွေးနွေးဖို့ မဟုတ်ပါဘူး၊ ဒါပေမယ့် အစိုးရက သဘောမတူသေးဘူး ဖြစ်နေတယ်၊ အပေါ်ကို တင်ပြဦးမယ်ပဲ ပြောထားပေမယ့် အကြောင်းတော့ မပြန်သေးဘူး”ဟု ပြောသည်။
အစိုးရ တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများသည် ရှမ်းမြောက်နှင့်ကချင်ပြည်နယ်တို့ တွင် သာမက ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း ထိတွေ့ တိုက်ခိုက်မှုများ ရှိလာနေသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်၌ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ကြား ဇန်နဝါရီလ ၂၁ ရက်နေ့က နှစ်ကြိမ်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားရခြင်း သည် SSPP/SSA ၏ တပ်စခန်း တချို့ကို ဆုတ်ခွာပေးရန် တောင်းဆိုရာမှ စတင်ထိတွေ့မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း SSPP/SSA က ပြောဆိုထားသည်။
အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် သာမက ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း ဖြစ်ပွားလာနေပြီး မြန်မာနိုင်ငံ မြောက်ပိုင်း နေရာ အနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။