ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ အရ တပ်မတော်က အမှု ဖွင့်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်မင်းဌေးကို ပြန်လွှတ်ပေးရန် အစီအစဉ် မရှိဘဲ တရားဥပဒေအတိုင်းသာ ဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အား ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော်ရှိ ဘုရင့် နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း PPST အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မီဒီယာများသို့ ပြောသည်။
ရဲဘော် မင်းဌေးကို ဖမ်းထားသည့် ကိစ္စတွင် NCA စာချုပ်အရ ကန့်သတ် နယ်မြေထဲသို့ သွားရောက်သည့်အခါ ၂ ဖက် အကြောင်းကြား ပြီးမှ သွားရမည် ဖြစ်သော်လည်း တချို့နေရာများတွင် စာချုပ်ကို လိုက်နာမှု မရှိဘဲ ဆောင်ရွက်နေသဖြင့် ယခုလို အမှုအခင်းများ ပေါ်ပေါက်လာရခြင်းဟု တပ်မတော်ဘက်မှ သဘောထားပေးခဲ့ကြောင်း သိရသည်။
“ဒီလို အမှုအခင်းမျိုး မပေါ်အောင် NCA ကို သေချာ လေ့လာ၊ NCA မှာ ထောက်ပြထားတဲ့ အချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ ပြောပါတယ်။ ဖြစ်ပြီးတဲ့ အမှုတွေကိုတော့ ဥပဒေကြောင်း အတိုင်း သွားဖို့ပဲ ရှိတော့တဲ့ သဘော ပြောပါတယ်။ ကြည့်ရတာတော့ ဥပဒေက လျော့နိုင်ရင် လျော့ပေ့ါဗျာ။ ဥပဒေနဲ့ အညီဆိုပြီး ပြောတော့။ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးတဲ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ရဲဘော်မင်းဌေး အနေဖြင့် ဗဟိုကော်မတီဝင် အဖြစ် လုပ်ဆောင်နေသည့် ABSDF ကမူ ယခုကိစ္စသည် နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ပြီး အမြန်ဆုံး ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့ဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရှေ့နေချုပ် တပ်မတော်ဘက်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက နေပြည်တော်တွင် မီဒီယာများသို့ ပြောသည်။
“ဖြစ်စဉ်တလျှောက်လုံးမှာ ကိုမင်းဌေး သွားလာမှုတွေက အခုပြောနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု အကြို လုပ်ငန်း စဉ်တွေဖြစ်တဲ့ လူထု ဆွေးနွေးပွဲတွေအတွက် ကျနေ်ာတို့ အဖွဲ့ အစည်းအတွင်းမှာ၊ ဗဟိုကော်မတီအတွင်းမှာ၊ နယ်မြေ ခေါင်းဆောင်တွေ အကြားမှာ ပြင်ဆင်မှုတွေကိုလုပ်ပြီးတော့မှ မိမိတပ်ရင်းဖြစ်တဲ့ တပ်ဖွဲ့ဆီကိုအပြန်မှာ ဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ရဲဘော်သံခဲက ပြောသည်။
ABSDF အနေဖြင့် NCA စာချုပ်ကို လုံးဝ ချိုးဖောက်ခြင်း မရှိသလို လွတ်လပ်စွာ ခရီးသွားလာခွင့်နှင့် မိမိတို့၏ နိုင်ငံရေး ထင်မြင် ယူဆချက်များကို ပြည်သူလူထုကြားတွင် ချပြ ဆွေးနွေးခွင့်ဆိုသည့် သဘောတူညီမှုများ ရရှိထားပြီး ဖြစ်ကြောင်း၊ NCA စာချုပ်ကို လက်မှတ် ရေးထိုးထားသဖြင့် ပုဒ်မ ၁၇/ ၁ ဆိုသည် ကိစ္စသည်လည်း ပလပ်ပြီး ဖြစ်သည်ကို အားလုံးသိကြောင်း ရဲဘော်သံခဲက ပြောသည်။
ယခုအခါ ရဲဘော် မင်းဌေးကို ဗန်းမော် အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး မိုးမောက်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးလျက်ရှိကြောင်း၊ လာမည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံ ရုံးထုတ်စစ်ဆေးရန်ရှိကြောင်း သိရသည်။
ရဲဘော်မင်းဌေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော်- လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံ ဂိတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နှင့် ဆက်သွယ်သည်ဟုဆိုကာ ဗန်းမော်မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၂၁ က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
ရဲဘော် မင်းဌေး အမှု ပြေလည်ရန် ABSDF မျှော်လင့်