သတင်း

မြောက်ပိုင်းတိုက်ပွဲများ ရပ်ဆိုင်းပေးရန် တပ်ချုပ်ထံ တောင်းဆိုခဲ့ဟုဆို

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံရာတွင် စစ်ပွဲများ ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နေပြည်တော်တွင် ဇန်နဝါရီလ ၂၃ ရက်က NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ ကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် အစိုးရအဖွဲ့၊ တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း PPST အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အဖွဲ့ခေါင်းဆောင် မူတူးစေးဖိုးက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့အခါမှာ မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ဆင်ရေးကို လျော့ချဖို့သာ မဟုတ်ဘူး။ ရပ်ဆိုင်းဖို့အထိ ပြောတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက မီဒီယာများကို ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၂ တို့က ထိုသို့တောင်းဆိုမှုအပေါ် တရားဝင် သဘောထား မှတ်ချက်ပြုခြင်း မရှိသကဲ့သို့ ပြန်လည်ဆွေးနွေးခြင်း လုံးဝမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရက ဦးဆောင်ပြီး လုပ်သွားမယ်။ အပစ်အခတ် ရပ်စဲရေးကို တပ်မတော်က ဦးဆောင်ပြီး လုပ်သွားမယ်ဆိုတဲ့ သဘောရှိတယ်။ မြောက်ပိုင်းကိစ္စတွေနဲ့ ပတ်သက်ပြီး အဲဒီအဖွဲ့တွေကို ဖိတ်ခေါ်ဆွေးနွေးဖို့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ထိုသို့ဆွေးနွေးရာတွင် တပ်မတော်က ဆွေးနွေးမည်မဟုတ်ဘဲ အစိုးရက ဖွဲ့ထားပေးထားသည့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ကသာ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် တပ်မတော်ကလည်း သဘောတူထားသဖြင့် မကြာမီကာလတွင် ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် တွေ့ဆုံဖွယ်ရှိကြောင်း PPST အဖွဲ့ ကိုယ်စားလှယ်တချို့က ပြောသည်။

“ဖေဖော်ဝါရီ လလယ်လောက်မှာ မြောက်ပိုင်းမှာရှိတဲ့ ဝ၊ မိုင်းလားဖက်က ခေါင်းဆောင်တွေနဲ့ အခုလက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်လို့ ခေါ်တဲ့ အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေ ရောက်လာနိုင်တယ်။ ဖြစ်နိုင်ချေ ရှိတာက ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးပေါ့။ ဖေဖော်ဝါရီလ မကုန်ခင်မှာ ထူးထူးခြားခြားနဲ့ အဖွဲ့ဝင်တိုးလာနိုင်တဲ့ သဘောရှိတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ဆွေးနွေးရန် တပ်မတော်က သဘောတူထားကြောင်းနှင့် မကြာမီကာလတွင် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများကမြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်း PPST ကိုယ်စားလှယ်တချို့က ပြောသည်။

အစိုးရအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ၏ အခက်အခဲကို လေ့လာ၍ ပူးပေါင်းဆောင်ရွက်ရန် ကြိုပမ်းသည့်သဘောမျိုး ရှိနေကြောင်း PPST ကိုယ်စားလှယ်များက ဆက်ပြောသည်။

ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ NCA လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့များ သာတက်ရောက်ခွင့် ရရှိမည့်ဖြစ်သောကြောင့် အပစ်မရပ်သေးသည့်အဖွဲ့များ အနေဖြင့် NCA မထိုးဘဲ နည်းနာရှာနေခြင်းမျိုးကို တပ်မတော်က လက်ခံမည် မဟုတ်ကြောင်း PPST ကိုယ်စားလှယ်အဖွဲ့က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading