ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ ၁၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်က တိုင်းပြည်၏ လူနည်းစု တိုင်းရင်းသား များ ရင်ဆိုင်နေရသည့် ပြဿနာများနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းအပေါ် အားမရ သည့် တန်ဘိုးဖြတ်မှုနှင့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အဆုံးသတ်ခဲ့ပါသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက သူပြန်လည်ထွက်ခွာခြင်း မပြုမီ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ကချင်တိုင်းရင်းသားများနှင့် တိုက်ပွဲများ၊ အနောက်ပိုင်းမှ မွတ်ဆလင်များအပါအဝင် လူ့အခွင့်အရေး ပြဿနာများတွင် အစိုးရ၏ ကိုင်တွယ် တုန့်ပြန်မှုကို ဝေဖန်ခဲ့သည်။ အဆိုပါ ဒေသ ၂ ခု လုံးတွင် မြန်မာတပ်မတော်က လူ့အခွင့် အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်။
“ပြဿနာတွေအပေါ်လက်ရှိအချိန်မှာ အစိုးရရဲ့ တုန့်ပြန်မှုတွေက ကာကွယ်ဖို့၊ ပယ်ဖျက်ဖို့ နဲ့ ငြင်းပယ်ဖို့ လိုမျိုး ဖြစ်နေပါ တယ်။ ဒီလိုတုန့်ပြန်မှုက ဆန့်ကျင်ဘက် အဖြေကို ရရုံမကပါဘူး တနိုင်ငံလုံးက ထားရှိတဲ့ မျှော်လင့်ချက်တွေကိုလည်း ပျက်ပြားသွားစေနိုင်ပါတယ်” ဟု ယန်ဟီးလီက ပြောသည်။ သို့သော်လည်း လမ်းကြောင်းပြန်ပြောင်းရန် နောက်မကျသေး ဟု ယုံကြည်ထားသည်ဟု သူက ဆိုသည်။
အစိုးရက သူ့ကို ကချင်ပြည်နယ် အချို့နေရာများသို့ သွားခွင့်တားမြစ်ခဲ့ကြောင်း ယန်ဟီးလီက ပြောသည်။ သို့သော် လည်း အခြေအနေ ဆိုးရွားနေခြင်းက ထင်ရှားနေခဲ့သည်။ ယခုအခါတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်ကနှင့် စာလျှင် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ကြောင်း အဆိုပါဒေသတွင် နေထိုင်သူများက သူ့ကို ပြောခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်၏ အရေးယူ ဆောင်ရွက်မှုများကို ယန်ဟီးလီက ဝေဖန်ခဲ့သည်။ ပြီးခဲ့သည့် ၃ လ အတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၆၅၀၀၀ ကျော်ခန့် နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ တပ်မတော်က လုံခြုံရေး ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အနည်းငယ်မျှသာ အလေးထားခဲ့သည်ဟု ယန်ဟီးလီက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့များက နေအိမ် ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြသည်။ သို့သော် အစိုးရက သူတို့ အိမ်များကို သူတို့ကိုယ် တိုင်မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် သူတို့ အိမ်များက အရည်အသွေးမကောင်းသည့် အတွက် နိုင်ငံတကာ အကူအညီဖြင့် အိမ်ကောင်းကောင်းပြန်ရရန် မျှော်လင့်ချက်ဖြင့် ထိုသို့ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သူ့ ကိုပြောခဲ့သည်ဟု ယန်ဟီးလီက ဆိုသည်။
“အာဏာပိုင်တွေက ဒီကိစ္စနဲ့ ပတ်သက်လို့ သက်သေအထောက်အထား မပြခဲ့ပါဘူး။ ဒီဖြေရှင်းချက်က မဖြစ်နိုင်ဘူးလို့ ထင် ပါတယ်” သူကပြောသည်။ အချို့သောကိစ္စများသည် မိသားစုများ မျိုးဆက်နှင့် ချီ၍ နေထိုင်ခဲ့သောနေရာများတွင် ပေါ် ပေါက်ခဲ့ခြင်း ဖြစ်ပြီး သူတို့အနေဖြင့် အချိန် အကန့်အသတ်မရှိ အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်သည်ဟုလည်း မှတ်ချက်ချသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်လည်း ယန်ဟီးလီ တွေ့ဆုံခဲ့သည်။ သို့သော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ခွင့် မရခဲ့ပါ။
သူနှင့် စကားပြောခဲ့သော သို့မဟုတ် သူနှင့် စကားပြောချင်ခဲ့သော သာမန်ပြည်သူများက လက်တုန့်ပြန်ခံရမည်ကို ကြောက်ရွံ့ကြသည့်အတွက် စိုးရိမ်ကြောင်းလည်း ယန်ဟီးလီက ပြောသည်။ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြသည့် ပြည်သူများအား အရေးယူမှုနှင့် ရင်မဆိုင်ရစေရေးအတွက် သေချာစေရန် တာဝန်ရှိသူများကို တောင်းဆိုခဲ့သည်ဟုလည်း သိရသည်။
“ဒါပေမယ့် စိုးရိမ်စရာကောင်းတာက ကျမရဲ့ ခရီးစဉ်အတွင်းမှာ “အခု တွေ့ဆုံမှုပြီးရင် ကျနော်ဘာဖြစ်မယ်ဆိုတာ မသိဘူး” လို့ ပြောမယ့် သူ တော်တော်များများ ကျမတွေ့ခဲ့ရပါတယ်” ဟု သူက ပြောသည်။
“လူတယောက်ကဆိုရင် ကျမတို့ စကားပြောပြီးရင် သူတို့အဖမ်းခံရမယ် ထင်တယ်လို့ ကျမကို တိုက်ရိုက်ပြောခဲ့ပါတယ်”