သတင်း

UNFC အရေးပေါ် အစည်းအဝေးတွင် ၂၁ ပင်လုံတက်ရေး ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဗဟို အလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ် အစည်းအဝေး တက်ရေး နှင့် ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်က စတင်သည့် ယင်း ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကို အစိုးရနှင့် ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသော UNFC အဖွဲ့ဝင် အဖွဲ့အစည်း ၇ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးနေပြီး နှစ်ရက်ကြာ ပြုလုပ်မည်ဟု သိရသည်။

UNFC ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က “အရေးကြီးတာကတော့ လာမယ့် ၂၁ ပင်လုံကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်ကလည်း ကျနော်တို့နဲ့ လာညှိနေတာကိုး အဓိက DPN နဲ့ NRPC နဲ့ ကြားမှာ တချို့မတူညီတဲ့ အပိုင်းတွေ ဘယ်လိုရပ်တည်မလဲ ပေါ့ဗျာ။ အဲဒီအပေါ်မှာ နားလည်မှု ရပြီးရင် NCA ထိုးမလား၊ ၂၁ ရာစု ပင်လုံ တက်မလားပေါ့ဗျာ။ အမှန်ကတော့ တက်လို တဲ့ ဆန္ဒတော့ ရှိတယ်။ တချို့ အချက်တွေ အမြင်မတူတဲ့ အပိုင်းတွေမှာ ဒီမှာ အဆုံးအဖြတ် ရယူတဲ့ပုံစံပါ။ ဒါက အရေးကြီး ပါတယ်”ဟု သတင်းထောက်များကို ရှင်းပြသည်။

ယခုလ ၁၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အောက်တွင်ရှိသော Peace Commission နှင့် UNFC ကဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့ (DPN) တို့တွေ့ဆုံခဲ့ကြပြီး UNFC က အဆိုပြုထားသော အချက် ၈ ချက်နင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြ သေးသည်။

အဆိုပါ အချက် ၈ ချက်တွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်ရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေး၊ ပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တွင် နိုင်ငံတကာ အသိသက်သေများ ပါဝင်နိုင်ရေးတို့လည်း ပါဝင်ကြောင်း သိရသည်။

“အဓိက ကတော့ DPN နဲ့ NRPC တို့ရဲ့ ဆွေးနွေးမှု အနေအထားပေါ့။ ဒါကို ဆက်လက်ပြီးတော့မှ တွေ့ဆုံနိုင်ဖို့ နောက် အစိုးရ ဘက်ကလည်း ၂၁ ရာစုပင်လုံကို ဆက်လက်လုပ်နိုင်ဖို့အတွက် သူတို့လည်း အလျင်လိုနေတယ်။ ကျနော်တို့ ဘက်ကလည်း ဒါကို မပျက်စေချင်ဘူး။ အဲဒီအတွက် ဒါကို ရှေ့ဆက်လုပ်သွားနိုင်ဖို့ပေါ့ဗျာ”ဟု နိုင်ဟံသာ က ပြောသည်။

အစိုးရနှင့် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် တပ်မတော်ကြား ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ၎င်းတို့အနေဖြင့် မည်သို့ ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို မည်ကဲ့သို့ ဆက်သွားမလဲ စသည်များကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် UNFC ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကိုလည်း ဆွေးနွေးသုံးသပ်သွားကြမည်ဖြစ်သည်ဟုလည်း ဆိုသည်။

UNFC အဖွဲ့များထဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading