ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အစိုးရအဖွဲ့နှင့်အတူ တက်ရောက်မည် ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။
“အခုသိတာက ၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့တွေနဲ့ ပင်လုံမှာ ပြည်ထောင်စုနေ့ အခမ်းအနား တက်မယ်။ ဒါက ပါတီ ဥက္ကဌအနေနဲ့ တက်တာ မဟုတ်ဘူး”ဟု ဦးဝင်းထိန်က နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံမြို့တွင် ကျင်းပမည့် ပြည်ထောင်စုနေ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များလည်း တက်ရောက်ဖွယ်ရှိကြောင်း၊ NLD ပါတီ လူငယ်များ ဦးဆောင်၍ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခု ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း NLD လူငယ် တာဝန်ခံ ဒေါက်တာ ဝေဖြိုးအောင် ကလည်း ဧရာဝတီသို့ ပြောသည်။
“အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ရဲ့ အခမ်းအနားပြီးရင် ကျနော်တို့က တိုင်းရင်းသား ရိုးရာ အကပဒေသာနဲ့ ဖျော်ဖြေမယ်။ ၁၂၊ ၁၃ နှစ်ရက် စလုံးမှာ တိုင်းရင်းသား ပေါင်းစုံပါတဲ့ ငြိမ်းချမ်းရေး Work shop တွေ လုပ်မယ်။ ကျနော်တို့ ပင်လုံမှာ အခုလို လုပ်နေတာ ဒီနှစ်နဲ့ဆို ၃ ကြိမ် ရှိပါပြီ”ဟု သာကေတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာ ဝေဖြိုးအောင်က ပြောပြသည်။
ယင်းနေ့တွင် သမ္မတ ဦးထင်ကျော်ကလည်း နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာ စားပွဲ တခု ကျင်းပရန် ရှိပြီး MICC – 2 တွင် လူရွှင်တော် ဇာဂနာနှင့် သီးလေးသီး တို့ကလည်း ဖျော်ဖြေမှုများဖြင့် တင်ဆက်ပေး မည်ဟု NLD ပါတီမှ သိရသည်။
“MICC – 2 မှာတော့ နိုင်ငံရေး ဟောပြောပွဲတွေပါမယ်။ အားကစားပြိုင်ပွဲတွေ ပါမယ်။ ဆုပေးတာတွေ ပါမယ်။ နောက် ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်လို့ ကျပန်းစကား ပြောတာတွေ ပါမယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
ပင်လုံမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် ငြိမ်းချမ်းရေး ထောက်ခံပွဲ ဖြစ်ပြီး ၁၃ ရက်နေ့သည် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ပွဲ ကျင်းပရန် ရှိကြောင်း၊ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က သတ်မှတ်ထားသဖြင့် ငြိမ်းချမ်းရေးကို ဦးတည်သည့် လှုပ်ရှားမှုများ တနိုင်ငံလုံးတွင် ရှိနေမည် ဖြစ်ကြောင်း လည်း NLD ပါတီမှ သိရသည်။
၂၀၁၇ ခုနှစ်တွင် အပစ်မရပ်သေးသည့် အဖွဲ့များနှင့် နိုင်ငံရေးအရ သဘောတူညီချက်တချို့ ရရှိရန်အထိ ဆွေးနွေးနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ရှမ်းမြောက် တိုက်ပွဲများကြောင့် စိုးရိမ်မှုများ မရှိရန်လည်း ဦးဝင်းထိန်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီလမ်းကြောင်းကို ရဖို့အတွက် ၈၈ ကတည်းက ရည်မှန်းချက်ချပြီးသား။ အဲဒီ ရည်မှန်းချက်ကို မပျောက်ဘူး။ နောက်ဆုံး ကြားဖြတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီးတော့ အစိုးရဖွဲ့နိုင်ခဲ့တယ်။ အခု ငြိမ်းချမ်း ရေးကိုလည်း သူ့ရည်မှန်းချက် အပျက်ခံမှာ မဟုတ်ဘူး။ သူ လုပ်လိမ့်မယ်”ဟုလည်း ဦးဝင်းထိန်က ပြောဆိုသည်။
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် NLD ပါတီက ပြည်တွင်း လက်နက်ကိုင် ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း မည် ဟု ကြေညာချက်ထုတ်၍ ပြောဆိုပြီးဖြစ်ကြောင်း၊ ယနေ့အချိန်အထိလည်း ယင်းပြောဆိုမှုအပေါ်တွင်သာ ရပ်တည် လျက်ရှိကြောင်းလည်း NLD ပါတီက ပြောသည်။