ရှမ်း-အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့၌ ကျင်းပနေကြောင်း သိရသည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲသို့ ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် အဖွဲ့များနှင့် ရှမ်းလူမှုအဖွဲ့များ ပါဝင်ဆွေးနွေးနေ ကြပြီး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး ကဏ္ဍများကို အဓိကထား ဆွေးနွေးကြကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဟု သိရသည်။
ထို့အပြင် ဆွေးနွေးပွဲ၌ လူမှုရေး၊ မြေယာပြဿနာနှင့် သဘာ၀ သယံဇာတ ကဏ္ဍများကိုပါ ကဏ္ဍအလိုက်၊ အစုအဖွဲ့ ပုံစံဖြင့် ထည့်သွင်းဆွေးနွေးကြကြောင်း တက်ရောက်လာသူတချို့က ပြောသည်။
အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) ပါတီမှ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က “ ဒီအလုပ်ရုံ ဆွေးနွေးပွဲ ပြီးသွားလို့ရှိရင် တိုင်းနဲ့ပြည်နယ် တချို့က ရှမ်းလူမျိုးတွေဆီကို သွားမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးထားတယ် ဆိုတာကို လူထုကို ချပြမယ်၊ ပြီးရင်လူထုဆီက တုံ့ပြန်အကြံပြုချက်တွေ ပြန်ယူမယ်။ ဒါတွေကို မကြာခင် ကျင်းပမယ့်၂၁ ရာစုပင်လုံ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါ” ဟု ဧရာဝတီကို သည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲ၌ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ ရှမ်းလူမျိုးများ နေထိုင်သည့် မြို့နယ်များတွင် ပြန်လည်ရှင်းလင်း ဆွေးနွေး၍ ရှမ်းလူထု၏ သဘောထားဆန္ဒကို ရယူသွားမည်ဟု ဦးစိုင်းလိတ်က ဆက်ပြောသည်။
ထို့အတူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အရပ်ဖက် အဖွဲ့အစည်းများနှင့် သီးသန့် အလုပ်ရုံဆွေးနွေးပွဲ တခုကို လားရှိုးမြို့၌ ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ပြုလုပ်နေကြောင်းနှင့် ထိုဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် တခုလုံးမှ အရပ်ဖက် အဖွဲ့ပေါင်းစုံက တက်ရောက်၍ ပါဝင်ဆွေးနွေးနေကြကြောင်း၊ ရှမ်းလူငယ်များ ကွန်ရက်မှ ကိုစိုင်းအောင်မြင့်ဦးက ဧရာဝတီကို ပြောသည်။
“အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အရပ်ဖက်အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်တခုကို တင်ပြဆွေး နွေးဖို့အတွက် အရပ်ဖက်အဖွဲ့တွေ သီးသန့်ဆွေးနွေးကြတာပါ။ အဓိကတော့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်” ဟု ကိုစိုင်းအောင်မြင့်ဦးက ဆိုသည်။
ထိုဆွေးနွေးပွဲတွင် ဖက်ဒရယ်နှင့် စီးပွားရေးကဏ္ဍ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး စသည်တို့ကို ဆွေးနွေးကြကြောင်း ကိုစိုင်းအောင်မြင့်ဦးက ဆက်ပြောသည်။