အစိုးရအနေဖြင့် ဒုတိယအကြိမ် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – “၂၁ ရာစု ပင်လုံ”ကို တက်ရောက်ရန် လေ့လာသူ အဖြစ်နှင့်သာ ဖိတ်ကြားမည်ဆိုပါက တက်ရောက်မည်မဟုတ်ကြောင်း ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး သုံးရက်အကြာ ပြုလုပ်သည့် UNFC က ဗဟိုအလုပ်မှုဆောင် အရေးပေါ် အစည်းအဝေးတွင် ထိုသို့ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း UNFC ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က သတင်းထောက်များကို ပြောသည်။
နိုင်ဟံသာ က “လာမယ့် ၂၁ ပင်လုံတက်ဖို့ဆိုတဲ့ ကိစ္စကတော့ အရင်က အန်ကယ်တို့ သဘောထား အတိုင်းပါပဲ။ တကယ်လို့ လေ့လာသူ အနေနဲ့ ဖိတ်မယ်ဆိုရင်တော့ မတက်ဘူး။ နောက်ပြီးတော့ တက်မယ်ဆိုရင်တော့ UNFC အဖွဲ့ဝင် အားလုံး ပါဝင်ခွင့် ရှိစေရမယ်။ တခြားအဖွဲ့တွေနဲ့ တန်းတူရည်တူ လွတ်လွတ်လပ်လပ် ပေါ့ဗျာ။ ဆွေးနွေးခွင့်ရှိတဲ့ အနေအထားမျိုးဆိုရင်တော့ တက်မယ်” ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC တပ်ပေါင်းစုသည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။
အစိုးရက ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြုလုပ်ရန် ရည်ရွယ်ထားပြီး၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာမက အစိုးရနှင့် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များလည်းတက် ရောက်စေလိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
သို့သော်လည်း UNFC အနေဖြင့် အခြားအဖွဲ့အစည်းများကဲ့သို့ တင်ပြဆွေးနွေးလိုသောအချက်များ အား တန်းတူ၊ ရည်တူ ဆွေးနွေးတင်ပြခွင့်မရှိဘဲ အိမ်ဖြည့်သက်သက်သာ ဖိတ်ကြားမည်ဆိုပါက တက်ရောက်လိမ့်မည်မဟုတ်ကြောင်း ပြောသည်။
“ကျနော်တို့ ဆွေးနွေးခွင့် မရှိဘူးဆိုရင် တက်ရင်လည်း ဘာထူးမလဲ။ ကိုယ့်ရဲ့ အမြင်တွေ အာဘော် တွေ ပြောပိုင်ခွင့်မှ မရှိဘဲ။ သဘောကတော့ သူတို့ကို သိက္ခာမြှင့်ပေးရုံ၊ ပါရမီဖြည့်ပေးရုံပဲဆိုတဲ့ အနေအထားမျိုးတော့ ကျနော်တို့မလုပ်ဘူးလေ။ ကျနော်တို့ သိက္ခာနဲ့ ကျနော်တို့ လွတ်လွတ် လပ်လပ်နဲ့ အခြားအဖွဲ့တွေနဲ့ တန်းတူရည်တူဆိုရင်တော့ တက်မယ်၊ ဆွေးနွေးမယ်။ ဘာကြောင့် လဲ ဆိုတော့ ဒါက ငြိမ်းချမ်းရေးကို လိုချင်လို့ပါ” ဟု နိုင်ဟံသာ ကပြောသည်။
UNFC အနေဖြင့် အကယ်၍ ၂၁ ရာစု ပင်လုံသို့ တက်ရောက်ဖြစ်ပါက နိုင်ငံရေး၊ ဖက်ဒရယ်ရေး၊ လုံခြုံရေး၊ တပ်များဖွဲ့စည်း-ပေါင်းစည်းရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ ကိစ္စရပ်များကို တင်ပြဆွေးနွေးဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင်ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် လေ့လာသူ အဖြစ်နှင့် ဖိတ်ကြား ခဲ့သဖြင့် UNFC က တက်ရောက်ခြင်းမရှိသော်လည်း သမ္မတ ဦးထင်ကျော် အစိုးရလက်ထက်တွင် ကျင်းပသော ပထမ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ကိုတက်ရောက်ခဲ့သည်။
Peace Commission အဖွဲ့ဝင် ဦးလှမောင်ရွှေကမူ အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ယခုတကြိမ်ကျင်းပမည့် ၂၁ ရာစု ပင်လုံ တက်ရောက်နိုင်ရေးအတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရဖွယ် ရှိကြောင်း ပြောသည်။
“NCA Process အတိုင်းသွားပြီးတော့ ညီလာခံ ဆောင်ရွက်မယ့် သဘောရှိတယ်။ ကျနော်နားလည်မှု ကတော့ ညီလာခံ အနေနဲ့လုပ်တဲ့ အတွက် ညီလာခံ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ဖို့ကတော့ လက်မှတ်ရေးထိုးရမယ့် အနေအထားလို့ ကျနော့်အနေနဲ့ နားလည်တယ်။ ဒါပေမယ့် အခြားပုံစံမျိုးနဲ့ ဖိတ်ကြားဖို့ ဆိုတဲ့ ဟာလည်း ရှိကောင်းတော့ ရှိမယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့တော့ အခုထိတော့ မသိသေးဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
၂၁ ပင်လုံညီလာခံ တက်ရောက်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အောက်ရှိ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား တွေ့ဆုံဆွေးနွေး သွားရန် ရှိသည်ဟုသိရသည်။
DPN နှင့် Peace Commission တို့တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ဇန်နဝါရီလကုန်ပိုင်းတွင် ပြုလုပ်ဖြစ်ဖွယ်ရှိကြောင်း သို့သော်လည်း UNFC အဖွဲ့ဝင်တချို့နှင့် တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားနေမှု၊ တပ်မတော်က ၎င်းတို့အဖွဲ့ဝင် အဖွဲ့အစည်း တချို့အား အကြမ်းဖက်သောင်းကျန်းသူဟု ခေါ်ဝေါ်နေမှုများရှိနေသဖြင့် DPN ကိုယ်စားလှယ်အဖွဲ့၏ လုံခြုံရေးကို အစိုးရဘက်မှ တာဝန်ယူပေးရန် လိုအပ်ကြောင်း UNFC ကပြောသည်။
DPN နှင့် Peace Commission တို့တွေ့ဆုံနိုင်ရေးကို အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်သလို ယင်းသို့တွေ့ဆုံရာတွင် ၎င်းတို့ ဘက်မှ အဆိုပြုထားသော အချက် ၈ ချက်နှင့် ပတ်သက်၍ ကျေကျေလည်လည် ညှိနှိုင်းရန်လိုကြောင်း၊ ထို့အတူ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိုလည်း ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရန် ပြင်ဆင်ထားကြောင်း UNFC ဆိုသည်။
UNFC အဖွဲ့များထဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။