တနင်္သာရီတိုင်းရှိ ထားဝယ်မြေ သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီ လုပ်ကွက်အတွင်း ယမန်နှစ် အောက်တိုဘာလ အတွင်း က ယမ်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော မောင်တိုးတက်လင်း အတွက် နစ်နာကြေးရရှိရန် တရား ဥပဒေအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် မောင်တိုးတက်လင်းသည် ထားဝယ်မြေကုမ္ပဏီ လုပ်ကွက်အတွင်း ယမ်း မှုန့်ကြိတ်သည့် အလုပ်လုပ်နေစဉ် မတော်တဆ ယမ်းပေါက်ကွဲမှုကြောင့် ၎င်း၏ မျက်နှာ၊ ရင်ဘတ်၊ လက်နှင့် ခြေထောက် များတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၇ ရက်ကြာ တက်ရောက် ဆေးကုသခဲ့ရသည်ဟု ဘဝပင် မိုင်းစောင့်ကြည့်ရေးအဖွဲ့ဝင် ဒေါ်ကြည်ကြည်ဆွေက ဧရာဝတီကို ပြောသည်။
ယင်းသို့ နစ်နာခဲ့မှုအတွက် ကာယကံရှင်များဘက်က ၃ နှစ်စာ လုပ်အားခ ကျပ် ၇၂ သိန်းပေးရန် တိုင်းဒေသကြီးဝန်ကြီး အဆင့်ဆင့်မှတဆင့် ကုမ္ပဏီနှင့် ကာယကံရှင်တို့ အကြိမ်များစွာ တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိသောကြောင့် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဒေါ်ကြည်ကြည်ဆွေက “အားလုံးဆီ သွားပြီး ဆွေးနွေးပြီးပြီ။ ဒါကို ပြေလည်မှု လုံးဝမရတော့လို့ နောက်ဆုံးနည်းနဲ့ လုပ်ရ တာပါ”ဟု ပြောသည်။
တရားစွဲဆိုမှုအတွက် အမှုတွဲပြင်ဆင်နေပြီး ဖေဖော်ဝါရီ ပထမပတ်အတွင်း တရားမကြောင်းအရ တရားစွဲဆိုနိုင်ရန် စီစဉ် နေကြောင်း၊ လူ့ကိုယ်ခန္ဓာ ပျက်စီးထိခိုက်သွားမှုအတွက် လျော်ကြေးနစ်နာကြေး ကျပ် သိန်း ၃၀၀ တောင်းဆိုရန် အကြမ်း ဖျင်း သတ်မှတ်ထားကြောင်း၊ တရားရုံးမတင်ခင် ကုမ္ပဏီသို့ Notice စာ အရင်ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာ ပရိုဘိုနို ရှေ့နေ များကွန်ရက်မှ ရှေ့နေတဦးဖြစ်သူ မအေးမွန်သူကလည်း ပြောသည်။
မောင်တိုးတက်လင်းသည် ဆေးရုံမှ ဆင်းပြီးသော်လည်း ယခုအချိန်အထိ ဆေးသောက်ဆေးလိမ်းနေရပြီး အရေပြားများ ပုံမှန်မဖြစ်သေးဘဲ ခြေထောက်နှစ်ဖက်မှာလည်း ကောင်းကောင်း လမ်းမလျှောက်နိုင်သေး၍ ပြန်လည် အလုပ်လုပ်နိုင်ခြင်း မရှိသေးကြောင်း မောင်တိုးတက်လင်း က ပြောပြသည်။
“အခုဆို အလုပ်လည်း မလုပ်နိုင်ဘူး။ ဘယ်မှလည်း မသွားနိုင်ဘူး။ လစဉ်တိုင်း ခွဲပေးတာကို ဒီမှာစောင့်ယူရမယ် ဆိုတာ မဖြစ်နိုင်ဘူး။ သူများနေရာမှာ လာနေရတာလေ။ အခုတောင်ပဲ ကြွေးတွေတင်နေတာ တော်တော်များနေပြီ”ဟု မောင်တိုး တက်လင်းက ပြောသည်။
ကာယကံရှင်ဘက်မှ ကျပ် ၇၂ သိန်းတောင်းဆိုခဲ့သော်လည်း သိန်း ၄၀ ကို တလုံးတည်းပေးမည်ဆိုပါက ကျေနပ်မည်ဟု ညှိနှိုင်းခဲ့ကြောင်း၊ သို့သော် ကုမ္ပဏီဘက်မှ ဆေးရုံတက်နေစဉ် ကုန်ကျသည့် ဆေးကုသစရိတ်နုတ်အပြီး ၁၅ သိန်းကို အရစ်ကျဖြင့် ပေးမည်ဟု ပြောဆိုမှုအပေါ် အကြိမ်များစွာ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ဒေါ်ကြည်ကြည် ဆွေကလည်း ရှင်းပြသည်။
မောင်တိုးတက်လင်း အသက် (၁၆)နှစ်သည် စခန်းကြီးကျေးရွာ၊ အောင်လံမြို့မှ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပြီး ယင်း ကုမ္ပဏီတွင် အလုပ်လုပ်နေသည်မှာ ၅ လကျော်ရှိပြီဖြစ်ကြောင်း၊ တလလျှင် လစာ ကျပ် ၂ သိန်း ရရှိကြောင်း သိရသည်။
ထားဝယ်မြေ သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ဌေးဌေးသူက မောင်တိုးတက်လင်းသည် ၎င်း ကုမ္ပဏီ၏ လခစားအလုပ်သမား မဟုတ်ကြောင်း၊ လုပ်ကွက်တာဝန်ခံနှင့် ရင်းနှီး၍ လာရောက်နေထိုင်ရာမှ မတော် တဆ ဖြစ်ပွားရာတွင် ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီ၏လုပ်ကွက်သည် ရပ်ဆိုင်းထားရ၍ တောင်းဆိုထား သည့် ၃ နှစ် စာကို တလုံးတည်း မပေးနိုင်ကြောင်း ဧရာဝတီကို ပြောသည်။
“အဲဒီလုပ်ကွက်က ရပ်ထားရတော့ နိုင်ငံတော် သတ္တု အပ်ဖို့တောင် မနည်းလုပ်နေရတဲ့အချိန်မှာ သုံးနှစ်စာ ၇၂ သိန်း ပေးပါ ဆိုပြီး လာတောင်းတယ်။ ကိုယ့်ရဲ့ဝန်ထမ်းဆိုလည်း တမျိုး။ အခုက ကိုယ့်နားမှာ လာနေရင်းနဲ့ မမျှော်လင့်တဲ့ပြဿနာဖြစ် တာကို အတတ်နိုင်ဆုံးလုပ်ပေးတယ်။ တလုံးတည်းဆိုတာ အန်တီတို့ကုမ္ပဏီမှာလည်း အခက်အခဲဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ကုမ္ပဏီအနေဖြင့် မောင်တိုးတက်လင်း ဆေးရုံတက်နေစဉ်အတွင်း ဆေးကုသမှုစရိတ်အတွက် ကျပ် ၉ သိန်းခွဲကျော် ထောက်ပံ့ပေးထားကြောင်း၊ ဆေးရုံမှဆင်းပြီးသော်လည်း ဆေးဖိုးဝါးခ တလလျှင် ကျပ် ၂ သိန်း(သို့မဟုတ်) ၃ သိန်း ကို ၂ နှစ်မှ ၃ နှစ်အထိ ထောက်ပံ့ပေးသွားမည်ကို သဘောမတူဘဲ တရားစွဲဆိုမည်ဆိုပါက တရားဥပဒေအရသာ ဆက်လက်ရင်ဆိုင်သွားရမည် ဖြစ်ကြောင်းလည်း ပြောသည်။
ထားဝယ်မြေ သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီသည် ၂၀၁၅ ဒီဇင်ဘာ ၂၃ ရက်မှစ၍ ၅ နှစ်သက်တမ်းအထိ ဓာတ် သတ္တု အသေးစား ထုတ်လုပ်ခွင့် ရထားပြီး ယခု လောလောဆယ်တွင် ပြန်လည်စိစစ်ရန် လိုအပ်မှုများကြောင့် လုပ်ငန်းရပ် ဆိုင်းထားရကြောင်း သိရသည်။