ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်သူများအလှူငွေထည့်ဝင်ကြရန် အစိုးရက တိုက်တွန်းအပြီး ၂ ပတ်အတွင်း မြန်မာလုပ်ငန်းရှင် သူဌေးကြီးများက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ငြိမ်းချမ်းရေးရန်ပုံငွေသို့ ကျပ်ငွေ ၁၁ ဘီလီယံကျော် ( အမေရိကန် ဒေါ်လာ ၈ သန်း) ထည့်ဝင်ခဲ့ကြသည် ဟု သိရသည်။
ရရှိသောရန်ပုံငွေများကို အသစ်ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordination Body -JCB) က ညှိုနှိုင်းဆောင်ရွက်မည် ဖြစ်သည်။ ထိုအဖွဲ့က အဓိက ကဏ္ဍကြီး လေးခု ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး ညှိုနှိုင်းခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် တွေ့ဆုံညှိနှိုင်းပွဲများ၊ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတို့၏ သက်ဆိုင်ရာ လုပ်ငန်းများအတွက် သုံးစွဲမည့် ကုန်ကျစရိတ်များအတွက် ဘတ်ဂျက်များကို ခွဲဝေ ကြီးကြပ်မည် ဖြစ်သည်။
ငြိမ်းချမ်းရေးရန်ပုံငွေသို့ ထည့်ဝင်ကြသော ပြည်တွင်းမှ အလှူရှင်များ၏ အသေးစိတ်စာရင်းကို မကြာမီ ထုတ်ပြန်ကြေညာမည် ဟု သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။
“ကျနော်တို့ စာရင်းပြုစုနေပါတယ်။ ပြည်တွင်းအလှူရှင် တချို့အတွက်လည်း ဂုဏ်ပြုပွဲ အခမ်းအနားတခု လုပ်ဖို့ရှိတယ်” ဟု ဦးဇော်ဌေးက ဧရာဝတီသတင်းဌာနသို့ ဇန်နဝါရီ ၂၄ ရက်နေ့က ပြောဆိုခဲ့သည်။
“အခုထိတော့ ကမ္ဘောဇဘဏ် တို့ ရွှေသံလွင် မီဒီယာကုမ္ပဏီတို့အပါအဝင် လုပ်ငန်းရှင်ကြီးတွေက လှူဒါန်းတဲ့ ကျပ် ငွေ ၁၁ ဘီလီယံ လောက်ရှိနေပီလို့ သိရတယ်။ အလှူငွေတွေ ထပ် ရလာရင် ကျပ် ငွေ ၁၅ ဘီလီယံ လောက် အထိရမယ် လို့ မှန်းထားပါတယ်” ဟု ဇေကမ္ဘာကုမ္ပဏီဥက္ကဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေက ဆိုသည် ။
၎င်းအနေဖြင့် ကျပ် ငွေ တစ်ဘီလီယံ (သိန်း ၁ သောင်း) လှူမည်ဖြစ်ကြောင်း ဦးခင်ရွှေက ပြောသည်။ လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ် ဖြစ်သော ကမ္ဘောဇဘဏ်၏ ပရဟိတလုပ်ငန်းအဖွဲ့ဖြစ်သည့် ကမ္ဘောဇ အနာဂတ် အလင်းတန်း ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေးရန်ပုံငွေသို့ ကျပ် ငွေ ၃ ဘီလီယံ လှူဒါန်းခဲ့သည်။
ယခုလအစောပိုင်းက အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ လစာငွေမှ ၂၅ ရာခိုင်နှုန်းစီ ထည့်ဝင်ထားသောရန်ပုံငွေမှ ကျပ် သန်း ၂၀၀ ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် လှူခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်ပ အထောက်အပံ့များရစေကာမူ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ခေါ်ယူခြင် အပါအဝင် ငြိမ်းချမ်းရေးနှင့် သက် ဆိုင်သောလုပ်ငန်းများအတွက် အစိုးရဘဏ္ဍာငွေခွဲတမ်းမှ အသုံးပြုကြောင်း ဦးဇော်ဌေးက ပြောသည်။
အစိုးရက ငြိမ်းချမ်းရေးရန်ပုံငွေ ကောက်ခံခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အများပြည်သူ များနှင့်လည်း သက်ဆိုင်ပြီး ပြည်သူများ ပါဝင်မှုရရှိစေမည့် “ငြိမ်းချမ်းရေးပိုင်ရှင်” များ ဖြစ်လာစေနိုင်သည်ဟု ဆိုထားပြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်ငန်းရှင်ကြီးများအား အလှူငွေထည့်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ပြည်သူတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကိုယ်တိုင်ပါဝင်ပြီး ဒီလုပ်ငန်းစဉ်ရဲ့ ပိုင်ရှင်တွေ ဖြစ်စေချင်တယ်။ နိုင်ငံခြားအကူအညီတွေက ရှိတယ် အဲဒါကြောင့်လည်း JCB (ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့) က ဒီအကူအညီတွေကို ထိထိရောက်ရောက် ခွဲဝေသုံးဖို့ ဖွဲ့ထားတာ” ဟု ဦး ဇော် ဌေးက ပြောသည် ။
“အမကြီး (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်)က နိုင်ငံမှာ ငြိမ်းချမ်းရေးကို အဓိက ရစေချင်တယ်။ … ဒါ ကြောင့် ကျနော်တို့ရဲ့အလှူငွေက လိုအပ်တဲ့သူတွေကို တနည်းနည်းနဲ့ အထောက်အကူပြုဖို့ အသုံံးဝင်လိမ့်မယ်။ အထူးသဖြင့် စစ်ကြောင့်နေရပ် စွန့်ခွာထွက်ပြေးရသူ တွေအတွက် စားစရာတွေရဖို့၊ နေစရာအထောက်အကူရဖို့ပေါ့” ဟု ဦးခင်ရွှေက ပြောသည် ။
“နိုင်ငံတကာ အသိုင်းအဝန်းကပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့နေတယ်။ ပြည်တွင်းကလည်း ဝိုင်းဝန်း ကူကြဖို့ သင့်တယ်လို့ အမကြီးက ပြောတယ် ” ဟု သူက ဆိုသည်။ ထိုအတွက်ကြောင့် ၎င်းအနေဖြင့် နီးစပ်ရာ လုပ်ငန်းရှင်များအား ရန်ပုံငွေ ထည့်ဝင်ကြရန် ဆော်သြပေးနေကြောင်းလည်း ဦးခင်ရွှေက ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် က ၂ ကြိမ် ကျင်းပခဲ့ပြီး၊ တတိယအကြိမ် ( ဒုတိယအကြိမ် မြောက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ) ကို ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပဖွယ် ရှိသည် ။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံကျင်းပရာတွင် နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ်ငွေသန်း ၃၀၀ နှင့် နိုင်ငံတကာအထောက်အပံ့မှ အမေရိကန် ဒေါ်လာ တစ်သိန်းသုံးခဲ့သည် ဟု ယခင် အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလက ကျင်းပသည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ၏ ကုန်ကျစရိတ် ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။