ယခုနှစ် မန္တလေး သင်္ကြန်တွင် ရိုးရာယဉ်ကျေးမှု သင်္ကြန်အား ပြန်လည် ဖော်ထုတ်နိုင်ရန် အတွက် သင်္ကြန်တွင် စီးပွားဖြစ် ရေကစားမဏ္ဍပ်များ လျော့ချသွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရိုးရာယဉ်ကျေးမှုကို ဦးတည်မည့် ပွဲတော်တခု အဖြစ် ကျင်းပ နိုင်ရန် ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ရာ ၎င်းအစီအစဉ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြ၍ အတည် ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
“ယဉ်ကျေးမှုသင်္ကြန်ဆိုပြီး ချိတ်ထဘီဝတ်ပြီး သပြေခက်နဲ့ ထွက်ပက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်္ကြန်ဆိုတာ လုပ်စားတဲ့လူတစုရဲ့ စားကျက်ဖြစ်နေရတာကနေ လူထုအားလုံး ပါဝင်နိုင်တဲ့ လူထုသင်္ကြန် ဖြစ်အောင် ဖော်ဆောင်မှာ ကိုဆိုလိုတာပါ” ဟု ဦးကျော်ရင်မြင့်က ပြောသည်။
၎င်းက “ကျုံးဘေးမှာ ရေဖြုန်းငွေဖြုန်း သင်္ကြန်ပွဲကြီးကနေ ရိုးရာ ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့မဏ္ဍပ်မျိုးပဲ ဆောက် လုပ်ခွင့်ပေးပါမယ်၊ မြို့တော်ဝန် မဏ္ဍပ်မှာလည်း သိန်းထောင်ချီသုံးပြီး အဆိုတော်တွေနဲ့ အုတ်အော်သောင်းနင်း ဖျော်ဖြေမှာ မဟုတ်တော့ပါဘူး” ဟု ဆိုသည်။
သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့၏ ပြယုဂ်တခုဖြစ်သော ကျုံးနှင့် နန်းမြို့ရိုး မြင်ကွင်းကို ကွယ်စေမည့် စီးပွားဖြစ် မဏ္ဍပ်များ ယခင်ကလို ဆောက်လုပ်ခွင့်ပြုတော့မည် မဟုတ်သလို မြို့တော်ဝန်မဏ္ဍပ်၏ အသုံး စရိတ်ကို ယခင်နှစ်များ၏ ၁၀ ပုံ ၁ ပုံသာ အသုံးပြုသွားမည်ဟု သိရသည်။
၂၀၁၆ ခုနှစ် သင်္ကြန်ပွဲတော်တွင် မြို့တော်ဝန် မဏ္ဍပ် အသုံးစရိတ်သည် ငွေကျပ် သိန်း ၃၅၀၀ ကျော်ရှိခဲ့ပြီး ရေကစား မဏ္ဍပ်ပေါင်း ၄၀ ကျော်အနက် ၃၃ ခုမှာ ကျုံးနံဘေးတွင် တည်ဆောက်ခွင့် ရခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
“ဒီအစီအစဉ်ကို လုပ်စားတဲ့သူတွေကတော့ လက်ခံမှာ မဟုတ်ဘူးလေ၊ ဒါဟာ လူငယ်တွေရဲ့ အခွင့်အရေးကို ပိတ်တာလည်း မဟုတ်ပါဘူး။ မြို့ရဲ့ ကျက်သရေဆောင် နေရာဟာ သင်္ကြန်ကာလရောက်ရင် ပျက်စီးသွားတာပါပဲ။
ပျက်စီးသွားလို့ ပြင်ရတဲ့ ငွေတွေဟာလည်း မန္တလေးမြို့ လူထုရဲ့ ငွေတွေပဲလေ။ သင်္ကြန်ဆိုတာ အားလုံး တန်းတူညီတူ ပါဝင်ဆင်နွဲနိုင်တဲ့ ရိုးရာပွဲတော်တခုပဲ ဖြစ်သင့်ပါတယ်။” မြို့ခံ စာရေးဆရာ ဆူးဌက်က ဧရာဝတီသို့ ပြောသည်။
ဆရာဆူးဌက်ကိုလည်း စည်ပင်ကော်မတီက ယခုလ တတိယပတ်ကပြုလုပ်ခဲ့သည့် သင်္ကြန်အထူးအစည်းအဝေး တွင် ပြင်ပပညာရှင်အဖြစ် သီးသန့်ဖိတ်ခေါ်ကာ အကြံပြု ဆွေးနွေးစေခဲ့သည်။
နှစ်စဉ် မန္တလေးသင်္ကြန်လည်လေ့ရှိသည့် အသက် ၂၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း ကိုဇင်မောင်က “ရိုးရာယဉ်ကျေးမှု သင်္ကြန် လုပ်မယ်ဆိုတော့ လူငယ်တွေအတွက် ဟိုအရင်က သင်္ကြန်ပုံစံ ပြန်ပြီး ခံစားစေသလို ပျော်စရာ အသစ် အဆန်း ပုံစံမျိုး ဖန်တီးပေးနိုင်ရင်တော့ လက်ခံကြမယ်ထင်ပါတယ်။ ဒါပေမဲ့ လူငယ်အများစု ကတော့ ရှိသမျှ ပွဲတိုင်းတော့ ပျော်နေကြတာပါပဲ” ဟု ပြောသည်။
လာမည့် သင်္ကြန်ပွဲတော်တွင် ကျုံးဘေး၌ မဏ္ဍပ် အများအပြား ခွင့်မပြုတော့ခြင်း၊ မြို့တွင်း၌ မဏ္ဍပ်ငယ်များ ဆောက်လုပ် ခွင့်ပြုခြင်း၊ မြို့တော်ဝန်မဏ္ဍပ် အသုံးစရိတ်အား လုံး၀ လျှော့ချပစ်ခြင်း၊ မြို့တော်ဝန် မဏ္ဍပ်ဖွင့်ပွဲတွင် ကျောင်းသူ၊ ကျောင်းသားငယ်များကို သင်္ကြန် အကြိုအကဖြင့် ဖွင့်ပွဲ မလုပ်တော့ဘဲ ရပ်ကွက်များမှ အဆို၊ အက ဝါသနာရှင်များအား မြို့တော်ဝန်မဏ္ဍပ်တွင် ဖျော်ဖြေခွင့်ပြုရန် ရည်ရွယ်ထားကြောင်း စည်ပင်ကော်မတီမှ သိရသည်။