ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ဦးဆောင်ပြီး ၁၅ ပါတီ သဘောထားဟုဆိုကာ အစိုးရသစ်ကို ဝေဖန် ထောက် ပြသော ကြေညာချက်၌ မိမိတို့ပါတီအမည်ကိုပါ သဘောတူညီချက် မရှိဘဲ ထည့်သွင်း၍ ထုတ်ပြန်ခြင်း သည် ပါတီအမည်ကို အလွဲသုံးစားပြုခြင်း ဖြစ်ကြောင်း ပလောင်(တအာင်း) အမျိုးသား ပါတီ (TNP)က ယမန်နေ့က ထုတ်ပြန် ပြောဆိုလိုက်သည်။
၁၅ ပါတီ ထုတ်ပြန်ချက်ပါ အချက်များသည် TNP ပါတီ၏ သဘောထား မဟုတ်ကြောင်းနှင့် ကြေညာချက်တွင် TNP ပါတီ အမည် ထည့်သွင်းထားမှုကို ပယ်ဖျက်ပေးရန်၊ ထိုကဲ့သို့ ထပ်မံမပြုလုပ်ရန် TNP ပါတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇန်နဝါရီ ၂၄ ရက်နေ့ ရက်စွဲဖြင့် ကြံ့ခိုင်ရေးပါတီက ဦးဆောင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် နိုင်ငံအတွင်း ရင်ဆိုင်နေရ သည့် ပြဿနာများကို ကာ/လုံ အစည်းအဝေးခေါ်ယူ ဆုံးဖြတ်သင့်ကြောင်း အပါအဝင် အချက် ၆ ပါ ကြေညာချက်ကို နိုင်ငံရေးပါတီ ၁၅ ပါတီ၏ သဘောထားဟုဆိုကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီက ဦးဆောင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ TNP ပါတီကို အမှတ်စဉ် ၁၁ တွင် ထည့်သွင်း၍ TNP ပါတီ ဗဟို အလုပ်အမှုဆောင်နေရာ၌ ထွန်းကြိုင် အမည်ဖြင့် လက်မှတ်ရေးထိုးထားသည့်အပေါ် TNP တွဲဖက် အထွေထွေ အတွင်းရေးမှူး – ၁ မိုင်းအုဏ်းခိုင်က “ပါတီ ကိုယ်စားလှယ်က ဆွေးနွေးပွဲတက်ခဲ့ပေမယ့် ဘာမှဆုံးဖြတ်ခွင့် မပေးထားသလို သူ့အနေနဲ့ ကြေညာချက်မှာ လက်မှတ်ထိုးခဲ့တာ မရှိပါဘူး။ အခုလက်မှတ်ထိုးထားတဲ့ ထွန်းကြိုင်ဆိုသူလည်း ပါတီမှာ မရှိဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်း စုံစမ်းရန် ကြံ့ခိုင်ရေး ပါတီမှ ပြန်ကြားရေး တာဝန်ရှိသူများထံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မပြုခဲ့ပါ။
ကြံခိုင်ရေးပါတီ ဦးဆောင်သည့် ကြေညာချက်၌ ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်းကိုလည်း ဝေဖန်ထောက်ပြထားသည်။
ကြေညာချက်ပါ ၁၅ ပါတီမှာ TNP ပါတီ အပါအဝင် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တ.စ.ည) ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ပါတီ၊ အမျိုးသား တိုးတက်ရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ပါတီ၊ ခေတ်သစ်ပြည်သူ့ ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မြန်မာ အမျိုးသား ကွန်ဂရက် ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ၊ ဝံသာနု ဒီမိုကရက်တစ် ပါတီ၊ ပြည်သူ့ဒီမိုကရေစီ ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်သည်။