သတင်း

အမြန်လမ်းပေါ်တွင် လူ ၈ ဦး သေဆုံးမှု ဖြစ်စဉ် စီအိုင်ဒီ လွှဲပြောင်း စစ်ဆေးမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုုန်- မန္တလေး အမြန်လမ်းမကြီးတွင် Hi Ace ကား မီးလောင်ရာမှ လူ ၈ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကိုု အမြန် လမ်းမကြီး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေရာမှ မြန်မာနိုင်ငံ မှုခင်း ရဲတပ်ဖွဲ့ (စီအိုင်ဒီ) က လွှဲပြောင်း စစ်ဆေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအမှုဖြစ်စဉ်ကို ဖြစ်ပွားပြီး ၄ ရက်အကြာတွင် စီအိုင်ဒီဌာနက ပြောင်းလဲစစ်ဆေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း၊ ယနေ့ လွှဲပြောင်းဆောင်ရွက်မှု လုပ်မည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

“ဒီအမှုကို မှုခင်းဌာန CID ကို ပြောင်းလဲ စစ်ဆေးပါဆိုပြီး မနေ့က နေ့လည်ပိုင်းက ညွှန်ကြားချက် ဝင်လာ တယ်။ အဲဒါကြောင့် သက်ဆိုင်ရာ ဌာနကို လွှဲပြောင်း လက်ခံ ဆောင်ရွက်နေပြီ။ ပုံမှန်ဆိုရင်တော့ အမြန် လမ်းပေါ်မှာ ဖြစ်တာတွေကို ကျနော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့က ကိုင်တွယ် ဆောင်ရွက်ရတာပါ”ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ရဲမှူး ရန်နောင်ဝင်းက ပြောသည်။

ယင်းအမှုကို လွှဲပြောင်းလက်ခံမည်ဟု စီအိုင်ဒီ ရဲမှူးချုပ် အောင်နိုင်သူက ဧရာဝတီသို့အတည်ပြုသော် လည်း အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ဆိုုသည်။

ဖြစ်စဉ်မှာ Hexagon ဆောက်လုပ်ရေး ကုမ္ပဏီမှ စီအီးအို အပါအဝင် ဝန်ထမ်း ၉ ဦးသည် ပုုဂံမှ ရန်ကုန်ဘက်သို့ အပြန် အမြန်လမ်းမကြီး  မိုင်တိုင် အမှတ် ၄ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားတွင် ယင်းအဖွဲ့ပါလာသည့် HiAce ကားသည် အမြန်လမ်း ၄ မိုင် ၁ ဖာလုံအရောက်တွင် ဝဲဘက်ကား ဘီးပေါက် ကာ လမ်းလယ်ကျွန်း ဘက်သို့ ဆွဲသွားပြီး ၄ မိုင် ၂ ဖာလုံရှိ လမ်းဖြတ်အစွန်ကို ဝင်တိုက်မိကြောင်း၊  ထို့နောက် ရပ်တန့်၍ ကား မီးလောင်ခဲ့ကာ ယာဉ်ပေါ်ပါလာသူ ၈ ဦး သေဆုံးခဲ့ပြီး ၁ ဦး အသက်ရှင် လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အစပိုင်းတွင် အသက်ရှင်ကျန်ရစ်သူ ကိုအောင်ခန့်က ယာဉ်ကို မောင်းနှင်သူ မဟုတ်ကြောင်း ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ်မောင်းသူအဖြစ် ဝန်ခံထွက်ဆိုုခဲ့သဖြင့် ပုဒ်မ ၃၀၄ / က လူသေမှု၊ ပုုဒ်မ ၃၃၇ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု၊ မီးလောင်မှု ပုဒ်မ ၂၈၅ တို့ဖြင့် အရေးယူထားကြောင်း သိရသည်

“စဖြစ်တဲ့နေရာမှာ လူ ၉  ယောက်ပါတယ်။ သူတယောက်ပဲ ရှင်တယ်။ ကားအတွင်းမှာ ဘယ်သူမောင်းလဲ ဆို တာ မသိဘူး။ သူက ယာဉ်မောင်းမဟုုတ်ဘူးဆိုုတော့ အပြစ်မရှိဘူးဆိုတော့ အိမ်ပြန်လွှတ်လိုက်ပါတယ်။ နောက်ရက်ကျမှ သူမောင်းတာ ဆိုုပြီးတော့ စခန်းမှာလာပြီးတော့ ဝန်ခံထွက်ဆိုပါတယ်။ အဲဒါကြောင့် အမှုကို ပြောင်းလဲ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်”ဟု အမြန်လမ်းရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။

လွတ်မြောက်လာသူ ကိုအောင်ခန့်မှာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရှိဘဲ ဦးခေါင်းဝဲဖက် နာကျင်၊ လက်ဝဲလက်ဖျံ ပွန်းပဲ့၊ ညာလက်သန်း အပူလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့ဖွဲ့သည် ပုဂံသို့ ဘုရားဖူး သွားရောက်ပြီး အပြန် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ခေတ္တ ဝင်ရောက်ခဲ့ပြီးနောက် ၃၉  မိုင်တွင် အနားယူခဲ့ကြောင်း၊ ရန်ကုုန်ဘက်အဝင်တွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ကားမီးလောင်မှုကြောင့် သေဆုံးခဲ့သူ မသင်းသင်းမော်၏ ခင်ပွန်း ကိုအောင်ကိုဦးက ပြောသည်။

ကိုအောင်ကိုဦးက “ဖြစ်စဉ်က အမြန်လမ်းရဲနဲ့တင် ဖော်ထုတ်လို့ မရတော့တဲ့အတွက် စီအိုင်ဒီကို လွှဲလိုက်တယ်လို့  ယုံကြည်တယ်။ နိုင်ငံတော်က လူကြီးတွေရော၊ စီအိုင်ဒီကရော ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ သာမန်ဖြစ်စဉ်ဆိုရင် အမှုတောင် လိုက်ပိတ်ပေးလိုက်ဦးမယ်။ သာမန်မဟုတ်လို့ ကျနော်တို့က အမှုပိတ်သွားရင်တောင် ထပ်လိုက်ပြီး စွဲဦးမှာ။ ရဲကပိတ်ရင် ကျနော်တို့ ထပ်ဖွင့်ပြီးစွဲမယ်” ဟု ပြောသည်။

ယင်းဖြစ်စဉ်အပေါ် အများပြည်သူက စိတ်ဝင်တစားဖြင့် လူမှုကွန်ရက်များတွင် ဝေဖန်ပြောဆိုုလျက် ရှိသော်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အကြောင်းအရာများမှာ ထင်ကြေးသာဖြစ်ကြောင်း၊ မျက်မြင်သက်သေ၊ ပစ္စည်းသက်သေ၊ ဆရာဝန်ထင်မြင်ချက်များ စုစည်းပြီးမှ ပြောနိုင်မည့် ကိစ္စဖြစ်ကြောင်း၊ လက်ရှိတွင် ထင်မြင်ချက် မပေးလိုကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading