မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ကချင်သင်းထောက်ဆရာ ၂ ဦးနှင့် ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု ကချင်နှစ်ခြင်းအသင်းတော် (KBC) က ပြောသည်။
KBC သင်းထောက်ဆရာ ဦးဇောင်ရာက “ဘာသာရေး ဆရာတွေ အနေနဲ့ သူတို့သွားလာခဲ့တာတွေကို ကြည့်ပြီး ၁၇(၁) နဲ့ တရားစွဲတာ မဖြစ်သင့်ဘူး။ သူတို့ရဲ့မိသားစုတွေလည်း စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ဧရာဝတီကို ပြောသည်။
ကခင်ပြည်နယ်၊ မုံးကိုးမြို့ ကချင်နှစ်ခြင်း အသင်းတော်ဥက္ကဋ္ဌ ဦးဒွယ်ဒေါ့နောင်လတ်နှင့် သင်းထောက်ဆရာ ဦးဂမ်ဆိုင်းတို့ကို တပ်မတော်က တရားလိုပြုလုပ်၍ ဇန်နဝါရီ ၂၅ ရက်က မူဆယ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ရုံးထုတ်ရမန် ရယူခဲ့ခြင်းဖြစ်ကြောင်း မူဆယ်ရဲစခန်းက သိရသည်။
ထိုသင်းထောက်ဆရာ ၂ ဦးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကတည်းက နေအိမ်မှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ၁ လနီးပါး အကြား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှသာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ဖော်ကြေညာခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်တွင် မူဆယ်မြို့မရဲစခန်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
သင်းထောက်ဆရာ၂ ဦး အား ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ပြီး ၎င်းတို့ ၂ ဦးသည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုကို ငွေကြေးထောက်ပံ့ခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ခြင်းများပါ ပြုလုပ်ကြောင်း စွပ်စွဲဖော်ပြထားသည်။
စစ်ဆေးချက်များအရ ဦးဒွယ်ဒေါ့နောင်လတ်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ ၆ ဆုတောင်းပွဲ၊ တာဝန်ခံ လွှဲပြောင်းပွဲကို သွားခဲ့ကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများကို ငွေကြေးထောက်ပံ့ခြင်း၊ ပြည်ပမီဒီယာများနှင့် ချိတ်ဆက်၍ တပ်မတော်ကို အထင်အမြင် လွဲမှားအောင် လုပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးမေးမြန်း ရရှိသည်ဟု တပ်မတော်က ပြောဆိုသည်။
အမှုဖွင့်ခံရသည့် သင်းထောက်ဆရာ ၂ ဦးသည် မုံးကိုးမြို့ တိုက်ပွဲများနှင့် ပတ်သက်၍ ကွင်းဆင်းသတင်းလာရောက် ရယူသည့် မီဒီယာအချို့ကို မြို့အနှံ လိုက်လံပြသပေးခဲ့ပြီး ကူညီမှုများလည်း ပြုလုပ်ပေးခဲ့သူများဖြစ်ကြောင်း သိရသည်။
တပ်မတော်က မူဆယ်ရဲစခန်းသို့ ပြန်လည်လွှဲပြောင်းပေးရာတွင် သင်းထောက်ဆရာ ၂ ဦး၏ မိသားစုဝင်များ၊ KBC အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်းနှင့် ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေပုံရကြောင်း KBC သင်းထောက်ဆရာ ဦးဇောင်ရာက ပြောသည်။
၎င်းတို့ ၂ ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အဆက်အသွယ်မျှ မရရှိခဲ့သည့်အတွက် မိသားစုဝင်များက ဇန်နဝါရီ ၄ ရက်တွင် မုံးကိုးရဲစခန်း၌ လူပျောက်ပုံစံဖြင့် အမှုတိုင်ကြားထားခဲ့ကြောင်း သိရသည်။