မွန်ပြည်နယ်၊ မုပွန်မြို့တွင် အဆောင်များအတွက် ထမင်းချက် ကန်ထရိုက်ယူထားသူ ဒေါ်အေးအေးစိုးက ၎င်း၏ အလုပ်သမား ဖြစ်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ရေနွေးပူဖြင့် လောင်းကာ ရိုက်နှက်နှိပ်စက်ခဲ့သဖြင့် မုပွန်မြို့မရဲစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဒေါ်အေးအေးစိုးထံတွင် တလလျှင် လစာ ကျပ် ၃၀၀၀၀ ဖြင့် အလုပ်လုပ် နေသည့် အသက် ၁၄ နှစ်ရှိ မခင်ခင်ထွန်းကို လိမ္မော်သီး ၂ လုံး ပျောက်နေသဖြင့် ခိုးယူသည်ဟုဆိုကာ ရေနွေးပူဖြင့် လောင်းခဲ့ပြီး ဦးခေါင်းသို့ တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
အသက် ၁၄ နှစ်ရှိ မခင်ခင်ထွန်းသည် မော်လမြိုင်မြို့မှ ဖြစ်ကာ မိခင်မှာ နောက်အိမ်ထောင်ပြုထားပြီး ဖခင်မှာ ဆုံးပါးသွားပြီဖြစ်ကြောင်း၊ အုပ်ထိန်းသူမှာ အဒေါ်ဖြစ်ကြောင်း၊ ညီမ ၁ ဦးရှိပြီး အဆိုပါ ညီမမှာလည်း ရိုက်နှက်နှိပ်စက်ခဲ့သည့် အလုပ်ရှင်ထံတွင် အတူတကွ အလုပ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“လိမ္မော်သီး ၂ လုံးပျောက်နေတာ ကလေးကို ခိုးတယ်လို့ သူတို့ကပြောတယ်။ ဟိုက မခိုးပါဘူးလို့ ပြောလို့ဆိုပြီး တံခါးကြားထဲမှာ ထည့်ပြီး ဓာတ်ဘူး ၂ ဘူးထဲက ရေနွေးပူနဲ့ လောင်းတယ်။ ရုန်းရကောင်းလားဆိုပြီး ခေါင်းကို တုတ်နဲ့ ၂ ချက် ထပ်ရိုက်တယ်။ ရေနွေးပူလောင်ဒဏ်ရာတွေကိုကျတော့ အလုပ်သမားတချို့က ထုံးနဲ့ အုန်းဆီ ရောလိမ်းပေးထားပြီး လန်သွားတဲ့ အရေပြားတွေကို ညှပ်ထုတ်ပစ်ထားတယ်။ ၃ ရက်မြောက်နေ့ကျမှ မသက်သာလို့ ဆေးရုံ ရောက်လာတော့မှ ကျမတို့ သိရတာ။ အခု တိုင်ချက်ဖွင့်ထားလို့ အလုပ်ရှင်ကို ရဲက ဖမ်းဆီးထားတယ်” ဟု အဆိုပါ အမှုကို လိုက်ပါကူညီဆောင်ရွက်နေသည့် မေတ္တာဆုံစည်း အရပ်ဘက် လူမှုအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သီသီနွယ်က ဧရာဝတီသို့ ပြောသည်။
ဒေါ်သီသီနွယ်က “ကျမတို့က ဆေးရုံသွားရင်းနဲ့ ဒီကလေးကိုတွေ့တော့ အနာတွေက ပုံမှန်မဟုတ်ဘူးဆိုပြီး မေးတာ။ ဆေးရုံလာတင်တုန်းက ပြုတ်ကျတယ်ဆိုပြီး တင်ထားတာ။ အရင်ကလည်း ရိုက်နှက်နှိပ်စက်တာတွေ ရှိသေးတယ်လို့ သိရတယ်။ လောလောဆယ်တော့ ကျမတို့ အဖွဲ့က စောင့်ရှောက်ထားတယ်။ ကလေးက အဲဒီအမျိုးသမီးတွေ အကြောင်းကြားရင်ကို ကြောက်နေတာ” ဟု ရှင်းပြသည်။
အလုပ်သမား မိန်းကလေးကို ရေနွေးပူဖြင့် လောင်းကာ တုတ်ဖြင့် ရိုက်နှက်ခဲ့သည့် ဒေါ်အေးအေးစိုးကို မုပွန်မြို့မ ရဲစခန်းက ပုဒ်မ ၃၂၃၊ ၃၂၆ အရ အမှုဖွင့်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။