တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးနဲ့ အွန်လိုင်း ဈေးရောင်း ဝက်ဘ်ဆိုက် (alibaba.com) ထူထောင်သူ စီးပွားရေး လုပ်ငန်းရှင် ဂျက်မက အမေရိကန်ရဲ့ စီးပွားရေး ယိုယွင်းလာတာဟာ စစ်ရေး အသုံးစရိတ် မြင့်မားခဲ့ခြင်းကြောင့်သာ ဖြစ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့်လည်း မဟုတ်သလို တခြားနိုင်ငံတွေက အမေရိကန်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ခိုးယူနေတာ ကြောင့်လည်း မဟုတ်ကြောင်း ဆွစ်ဇလန်နိုင်ငံ ဒါးဗို့စ် မြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် ဒုတိယနေ့မှာ ပြောကြားပါတယ်။
ဂျက်မဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး၊ အမေရိကန် ကုန်ထုတ်လုပ်ငန်း ဆုံးရှုံးနေမှုများ၊ မက္ကဆီကိုနဲ့ တရုတ်တွေလို ပြင်ပနိုင်ငံတွေက လုပ်အားများ ဝင်ရောက်လာ တာကြောင့် အမေရိကန်တွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနေများ ပြောဆိုခဲ့တဲ့ ထရမ့်ရဲ့ စကားကို ရည်ညွှန်းက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
“နှစ်ပေါင်း ၃၀ ကျော် အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ၁၃ ကြိမ် အတွက် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၂ ထရီလီယံ သုံးစွဲခဲ့တယ်၊ အဲဒီငွေတွေ ပမာဏက အခြေခံအဆောက်အအုံတွေ အတွက် သုံးသလား၊ ကာယလုပ်သား ဉာဏ လုပ်သားတွေ အတွက် အထောက်အပံ့ပေးသလား။ ဒီငွေတွေ ဘယ်ကို ရောက်သွားသလဲ” စသဖြင့် ငွေကြေးကို ပိုမိုသင့်တော်မယ့် နေရာတွေမှာ သုံးစွဲဖို့ ထောက်ပြပြောဆိုတယ်။
အရာရာဟာ ဂလိုဘယ်လိုက်ဇေးရှင်း အလျောက်ဖြစ်နေတာ၊ လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ တဆင့်ခံ လုပ်ငန်းလုပ်တာ တွေကို အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှု အတွက် အပြစ်တင်တာ ဖြစ်ပြီး တကယ်က အမေရိကန်ရဲ့ လူ့မလိုင်လွှာ ထိန်းချုပ်မှု လုပ်ငန်းစဉ်ကြောင့် ဖြစ်တယ် လို့လည်း ဂျက်မက ပြောတယ်။
“ဒါဟာ အမေရိကန်ရဲ့ အလုပ်နဲ့ အကျိုးစီးပွားတွေကို တခြားနိုင်ငံတွေက ခိုးယူနေတာ မဟုတ်၊ ဒါနဲ့ ပတ်သက်ပြီး မဟာဗျူဟာ ချမှတ် လုပ်ဆောင်ဖို့ – ငွေကြေး သုံးစွဲရာမှာ ကောင်းမွန်မျှတတဲ့ နည်းနဲ့ သုံးစွဲဖို့ပဲ ဖြစ်တယ်” လို့ သူက ပြောတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းဟာ အမေရိကန်ရဲ့ ကံကြမ္မာကို ဆိုးစေတာ မဟုတ်သလို စီးပွားရေး နိမ့်ကျစေတာလည်း မဟုတ်ကြောင်း၊ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ အတွက် အကောင်းတွေလည်း ယူဆောင်လာပေးပါတယ်။ အခြေအနေ အနေအထားပေါ် မူတည်ပြီး ပြုပြင်ပြောင်းလဲယူရမှာ ဖြစ်တယ် လို့လည်း ဂျက်မက ဆက်လက် ပြောဆိုတယ်။
“ကျနော့် အနေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို ယုံကြည်ပါတယ်၊ သို့ပေမယ့် ပိုပြီးတိုးတက်တဲ့ အမြင်နဲ့ မွမ်းမံပြင်ဆင်ဖို့ တော့ လိုအပ်နေမှာပါ” လို့လည်း သူက ဆိုပါတယ်။ ဂျက်မက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ တာဝန်ယူဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး သူဟာ သဘောထားကြီးသူ၊ နားထောင်ပေးနိုင်သူ ဖြစ်တယ် လို့လည်း ပြောပါတယ်။
မကြာသေးခင်က ဂျက်မနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့ရာမှာ မျှော်လင့်တဲ့ အချိန်ထက် ပိုမိုကြာမြင့်ခဲ့ပါတယ်။
“ကျနော်တို့ ပြောဆိုခဲ့တာကတော့ အသေးစား အမေရိကန် စီးပွားရေး လုပ်ငန်းတွေက ထုတ်ကုန်တွေကို တရုတ်နဲ့ အာရှနိုင်ငံမှာ ရောင်းချနိုင်အောင် ချိတ်ဆက် အကူအညီပေးဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ပဲ” လို့လည်း သူက ပြောတယ်။
စီးပွားရေး မဟာအင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲများ ဖြစ်လာနိုင်စရာ အနေအထား အပေါ် ဂျက်မက ယင်း အခြေအနေမျိုး ဖြစ်လာဖို့ မစဉ်းစားဘဲ အတူ ပူးပေါင်းယှဉ်တွဲ လုပ်ဆောင်မှု ကသာ အကျိုးအမြတ်ရလာနိုင်မှာ ဖြစ်တယ်လို့ ပြောတယ် “တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ စီးပွားရေး ကပ်ဘေး ဆိုက်တာ မျိုးတော့ နှစ်နိုင်ငံလုံးရော…၊ တကမ္ဘာလုံးရော ဖြစ်ပေါ်နေမှာပါပဲ”
www.weforum.org