တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း နယ်မြေပိုင်နက် အငြင်းပွားမှု ပြဿနာကြောင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး အတွက် တွေ့ဆုံညှိနှိုင်းပြီး သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
နှစ်ဘက်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့က တနင်္သာရီတိုင်း အစိုးရရုံးတွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲသို့ ကရင် အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်များ အပါအဝင် တနင်္သာရီ တိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တိုင်ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး တို့လည်း တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အထွေထွေအတွင်းရေးမှူး နိုင်ထောရတ် က“ကျနော်တို့ လက်နက်ကိုင် နှစ်ဖက် အဖွဲ့ က တော့ ရှေ့ဆက် ပြဿနာ မဖြစ်ကြဖို့ ထိန်းသိမ်းရမယ်။ ဒါပေမယ့် အခု သဘောတူညီချက် တွေက စာရွက်ပေါ်မှာ ရေးချပြီး လက်မှတ်ထိုး ထားတာတော့ မဟုတ်သေးဘူး။ ဒါက တိုင်းဒေသ အစိုးရနဲ့ နယ်လုံဝန်ကြီး ရှေ့မှောက်မှာ ဝန်ခံ ကတိပေး ထားတယ်။ နောက်ထပ် ပြဿနာ မဖြစ်ကြဖို့”ဟု ဧရာဝတီသို့ ပြောသည်။
MNLA လက်အောက်ခံ တပ်များနှင့် KNLA တပ်မဟာ (၄) လက်အောက်ခံ တပ်များကြား ထားဝယ်ခရိုင် အတွင်း၌ နယ်မြေ ပိုင်နက် ပြဿနာမှစ၍ ၂၀၁၆ ခုနှစ် စက်တင်ဘာ လပိုင်းကစပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ တင်းမာမှု ဖြစ်ပွားကာ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထိုတိုက်ပွဲများအတွင်း သေဆုံး ဒဏ်ရာရရှိမှုများလည်း ရှိကြောင်း သိရသည်။
ထို့နောက် ပြေလည်မှု ရရေးအတွက် နှစ်ဘက်အဖွဲ့များက တွေ့ဆုံဆွေးနွေး အဖြေရှာလိုသည့် သဘောထားမှတဆင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရရှေ့တွင် တွေ့ဆုံဖြေရှင်းခဲ့ကြပြီး ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။
KNU ထားဝယ် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုဝင်းခိုင် ကလည်း “တိုင်းဒေသကြီး အစိုးရရုံးမှာ ညှိနှိုင်းလို့ ရတာကတော့ ကျနော်တို့ ဒေသမှာ တည်ငြိမ်အေးချမ်းအောင် အဓိက နှစ်ဖက်တပ်က ပဋိပက္ခ မဖြစ်အောင် သေနတ်သံ မထွက်အောင် အဲဒါကတော့ အဓိက အချက်ပေါ့။ နှစ်ဖက်စလုံးက တာဝန်ယူ၊ တာဝန်ခံပြီးတော့ ထိန်းသိမ်း စောင့်လျှောက်ရမယ့် အပိုင်း ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းဒေသကြီး အစိုးရက ဒေသခံများကို လွတ်လပ်စွာ သွားလာခွင့်ပြုရန်နှင့် MNLA နှင့် KNLA တို့ကြား ဖြစ်ပွားနေသော ပဋိပက္ခကို ဖြစ်ပွားရာနယ်မြေက ဒေသခံ အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ် အစိုးရတို့ကြား ပူးပေါင်းပြီး ဖြေရှင်းသွားမည်ဟု ပြောဆိုကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အထွေထွေအတွင်းရေးမှူး နိုင်ထောရတ် ကတော့ ၎င်းတို့အနေဖြင့် KNLA တပ်ဖွဲ့ဝင်များ ကို သွားရောက်၍ စတင်ပစ်ခတ်မှု ပြုလုပ်လိမ့်မည်တော့ မဟုတ်ကြောင်း၊ သို့သော်လည်း တဘက်မှ ပစ်ခတ်မှုများ ပြုလုပ်လာ လျှင်တော့ တိုက်ပွဲ ပြန်ဖြစ်ဖွယ်ရှိကြောင်း ပြောသည်။
KNLA နှင့် MNLA တို့သည် ၁၉၈၉ ခုနှစ်က ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ တောင်ကြားကို ထိန်းချုပ်ရေး အတွက် အကြိမ်ကြိမ် ပဋိပက္ခဖြစ်ခဲ့ကြသည်။
ထိုမှစ၍ KNLA နှင့် MNLA တို့ကြား ပဋိပက္ခ လျော့နည်းလာသည်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အထိ ဖြစ်သည်။
MNLA သည် ၁၉၉၅ ခုနှစ်က အစိုးရ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော်လည်း တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုတော့ လက်မှတ်ထိုးထားခြင်း မရှိသေးပေ။
KNLA ကတော့ NCA ကို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ်က လက်မှတ် ထိုးထား သည်။