နိုင်ငံတကာပွင့်လင်းမြင်သာမှု ရှိရေး (Transparency International) အဖွဲ့က နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ အကျင့်ပျက် ခြစားနိုင်မှု အညွှန်းကိန်း (Corruption Perceptions Index) အရ မြန်မာပြည်ဟာ ၂၀၁၆ ခုနှစ်အတွက် ရမှတ် ၂၈ နဲ့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံမှာ ကမ္ဘာ့အဆင့် ၁၃၆ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ၁၅ မှတ်၊ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ၂၁ မှတ်၊ ၂၀၁၄ ခုနှစ်မှာ ၂၂ မှတ်နဲ့ ၂၀၁၆ ခုနှစ်မှာတော့ ၂၈ မှတ်အထိ မြင့်တက်လာတာကို နှစ်အလိုက် ဖော်ပြပေးထားပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံက ရမှတ် ၃၅ မှတ်နဲ့ ကမ္ဘာ့ အဆင့် ၁၀၁၊ လာအိုနိုင်ငံက ရမှတ် ၃၀ နဲ့ ကမ္ဘာ့အဆင့် ၁၂၃၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ရမှတ် ၄၀ စီနဲ့ ကမ္ဘာ့အဆင့် ၇၉၊ ဘင်္ဂလားဒေ့ရှ်က ရမှတ် ၂၆ နဲ့ ကမ္ဘာ့အဆင့် ၁၄၅ စသဖြင့် အသီးသီး ရပ်တည်နေပါတယ်။
ယင်းအဖွဲ့အနေနဲ့ အကျင့်ပျက်ခြစားမှု အမြင့်မားဆုံး အဆင့်ကို (သုည) လို့ အမှတ်ပေးပြီး အမှတ် ၁၀၀ ဆိုရင်တော့ အလွန်ကင်းရှင်းတဲ့ နိုင်ငံလို့ ဖော်ပြပေးတာ ဖြစ်ပါတယ်။
အကျင့်ပျက်ခြစားမှု အနည်းဆုံးနိုင်ငံများ အဖြစ် ဒိန်းမတ်၊ နယူးဇီလန်တို့က ရမှတ် ၉၀ စီနဲ့ ဦးဆောင်နေပြီး အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံတွေက မြောက်ကိုရီးယား ရမှတ် ၁၂၊ တောင်ဆူဒန် ရမှတ် ၁၁ နဲ့ ဆိုမားလီယာနိုင်ငံ ရမှတ် ၁၀ တို့ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင် အခြေစိုက် INGO အဖွဲ့အစည်းတခု ဖြစ်တဲ့ Transparency International အဖွဲ့ကို ၁၉၉၃ ခုနှစ်က စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး နှစ်စဉ် နိုင်ငံတကာ အကျင့်ပျက်ခြားစားမှု အညွှန်းကိန်းများ ထုတ်ပြန်ကြေညာ ပေးလျက်ရှိသည်။