သတင်း

ဆိပ်ကမ်း၌ ဖမ်းမိသည့် သစ်တန် ၂၀၀ အမှု ဆက်လက်စစ်ဆေးမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ နိုင်ငံခြားသို့ တင်ပို့မည့် ကွန်တိန်နာ ၁၃ လုံး အတွင်းမှ ဖမ်းဆီးရရှိထားသည့် တရားမဝင်သစ်များနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများကိုပါ လိုအပ်သလို စစ်မေးသွားမည်ဟု သစ်တောဦးစီးဌာနက ပြောသည်။

သစ်တောဦးစီး ဌာနရုံးချုပ် ဦးစီးအရာရှိ ဦးဝင်းသန်းက “ သစ်တွေ ဖမ်းမိတာနဲ့ ပတ်သက်လို့ အလုံရဲစခန်းမှာ အမှုဖွင့်ထားပြီ၊ ကွန်တိန်နာနဲ့ ပတ်သက်တဲ့ အေးဂျင့်တွေကိုလည်း ခေါ်ယူစစ်ဆေးမယ်။ လိုအပ်ရင် ဌာနဆိုင်ရာက လူတွေကိုပါ စစ်ဆေးမယ်။ အခုက စစ်ဆေးဆဲဆိုတော့ အတိအကျ ပြောလို့မရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ဇန်နဝါရီ ၂၄ ရက်က ကွန်တိန်နာ ၂ လုံးအတွင်းမှ နိုင်ငံခြားတင်ပို့မည့် တရားမဝင် ကျွန်းသစ် ၃၃ ဒသမ ၆၀၄၂ တန်ကို ဖမ်းမိခဲ့ပြီးနောက် ကွင်းဆက် ဖော်ထုတ်မှုများအရ ဇန်နဝါရီ ၂၆ ရက်တွင် ကွန်တိန်နာ ၁၁ လုံး အတွင်းမှ တရားမဝင်သစ် ပိတောက်များကို ထပ်မံဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကွင်းဆက်စစ်ဆေးမှုအရ ဇန်နဝါရီ ၂၆ ရက်တွင် ထပ်မံဖမ်းဆီးရမိသည့် ကွန်တိန်နာ ၁၁ လုံးအတွင်းမှ တရားမဝင် ပိတောက်သစ်တန်ချိန်ကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုအရ ၂ ရက်ပေါင်း ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်တန်ချိန်မှာ တန် ၂၀၀ နီးပါး ရှိနိုင်ကြောင်း ဦးစီးအရာရှိ ဦးဝင်းသန်းက ဆက်ပြောသည်။

ဖမ်းမိထားသည့် သစ်များနှင့် ပတ်သက်၍ Myanmar Bee & Timber Trading Co.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်မင်းစိုး၊ ဒေါ်ခင်ချောမြင့်၊ ဦးဝင်းကြိုင်နှင့် ပွဲစားဖြစ်သူ ဦးအာကာဗိုလ် ဆိုသူတို့ကို အလုံမြို့မရဲစခန်းက (ပ)၂၆/၂၀၁၇၊ သစ်တောဥပဒေ ပုဒ်မ ၄၃ (က) ဖြင့် အမှုဖွင့်ထားပြီး၊ ဦးဝင်းကြိုင်မှအပ ကျန် ၃ ဦးကို ဖမ်းမိစစ်ဆေးနေကြောင်းနှင့် ဦးဝင်းကြိုင်ဆိုသူကို ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

သစ်များနှင့် ပတ်သက်၍ ကုမ္ပဏီက ကုန်သွယ်ရေးလိုင်စင် လျှောက်ထားခဲ့သော်လည်း သစ်တောဦးစီးဌာန သစ်တောထွက်ပစ္စည်းများ စိစစ်ထောက်ခံရေးအဖွဲ့ကို ကွန်တိန်နာများ လျှောက်ထားခြင်း မရှိခဲ့ကြောင်း သစ်တောဦးစီးဌာနက ဆိုသည်။

လတ်တလော၌ ဖမ်းဆီးရမိထားသည့် တရားမဝင်သစ်များကို MIP ဆိပ်ကမ်းက အင်းစိန်မြို့နယ်ရှိ ကြို့ကုန်းသစ်ဆိပ်သို့ ပြောင်းရွေ့ပို့ဆောင်ထားပြီး စစ်ဆေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading