ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့က အထက်တန်း ကျောင်းသူတဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး တရားရုံးက စစ်ဆေး ရန် ခေါ်ယူခဲ့သော်လည်း တရားလိုဘက်မှ လူသတ်မှုသက်သေ အထောက်အထားများ တင်ပြရန် ပျက်ကွက်ခဲ့ကြောင်း သိရ သည်။
ယင်းအမှုအတွက် စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား ၄ ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ထိုင်းတောင်ပိုင်း အခြေ စိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) က အထက်ပါအတိုင်း ပြောပြခြင်း ဖြစ်သည်။
အဆိုပါ ရနောင်းလူသတ်မှုနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၂၆ -၂၇ ရက်နေ့တွင် တရားလိုများဘက်မှ သက်သေထွက်ဆိုမည့် ခရိုင် စုံစမ်းစစ်ဆေးရေး ရဲမှူး က တရားခွင်သို့ ကိုယ်တိုင် ရောက်လာခဲ့သော်လည်း လူသတ်မှု စစ်ဆေးချက် သက်သေ အထောက်အထားများ တပါတည်း ယူဆောင်လာရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
FED အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦး က “ကျနော်တို့ဘက်က ရှေ့နေတွေကလည်း သူတို့ တင်ပြမယ့်ဟာတွေ အပေါ်မှာ ဟာကွက်တွေကို ထောက်ပြ မေးမြန်းဖို့ ပြင်ဆင်ထားတယ်။ သူတို့တင်ထားတဲ့ ဗီဒီယိုတို့ဘာတို့ ဓာတ်ပုံ မှတ် တမ်းတွေပြရမှာ အဲဒါကို မတင်ပြနိုင်တော့ ဘာမှဆက်လုပ်လို့ မရဘူးလေ။ ဒါမျိုးကတော့ ပြောရရင် ဘောင်ထဲကနေ ညစ်တဲ့သဘောပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ပထမနေ့ စစ်ဆေးမှုတွင် ရဲဘက်က တင်ပြထားသော သေဆုံးသူ၏ ဒဏ်ရာ၊ လူသတ်လက်နက် စသည့် ကိစ္စများနှင့် ပတ် သက်ပြီး စွဲဆိုထားချက်များသည် လျော်ညီမှုမရှိကြောင်း အစိုးရ မှုခင်းဆရာဝန်အား စွပ်စွဲခံ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦး ဘက်မှ ရှေ့နေများက တရားရုံး၌ မေးမြန်း၍ အတည် ပြုချက် ရယူခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလ၂၈ ရက်က အသက် ၁၉ နှစ် အရွယ်ရှိ Orawee Samphaothong ခေါ် Apple ဆိုသူ ထိုင်းကျောင်းသူ တဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလုပ်သား ၄ ဦးကို စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ Samphaothong ခေါ် Apple သည် အခင်းဖြစ်ပွားခဲ့သော ညက သူငယ်ချင်းဖြစ်သူထံသို့ တဦးတည်း အလည် သွားစဉ် လမ်းခရီး၌ အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ဓား ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ပြီး ဓားဒဏ်ရာ ၁၇ ချက် စစ်ဆေး တွေ့ရှိ ကြောင်း ရဲမှတ်တမ်း ဖော်ပြမှုကို ကိုးကားပြီး ထိုင်း သတင်းစာများက ရေးသားခဲ့ကြသည်။
ထိုလူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲ ဖမ်းဆီးခံ မြန်မာလူငယ် ၄ ဦး အနက် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့သည် အသက် မပြည့်သေးသူများ ဖြစ်ပြီး ကိုဝေလင်းနှင့် ကိုစိန်ဂတုံးတို့သည် အသက် ၁၈ နှစ် ပြည့်ပြီးသူများ ဖြစ်သည်။
၎င်းတို့သည် ရေလုပ်သားများ ဖြစ်ကြပြီး ရနောင်းမြို့ရှိ ပင်လယ်အစားအစာများ ထုတ်လုပ်သည့် အလုပ်ရုံတွင် လုပ်ကိုင် နေကြသူများ ဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ်များသည် လူသတ်မှု၌ ၎င်းတို့ ပါဝင်ခြင်းမရှိဟု မူလက ထွက်ဆိုထားသော်လည်း လူသတ်မှုဖြင့် စတင် ဖမ်းဆီး စစ်ဆေးစဉ်က ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံခဲ့ရသည်ဟု ဆိုသည်။
လက်ရှိ အချိန်အထိ စစ်ဆေးထားသည့် သက်သေခံပစ္စည်း အထောက်အထားများ အရ ခိုင်မာသည့် သက်သေ အထောက် အထား တစုံတရာ မတွေ့ရသေးကြောင်း၊ သေဆုံးသူ အမျိုးသမီးငယ်၏ အဝတ်အစားများနှင့် ဖမ်းဆီးခံထားရသည့် မြန်မာ လူငယ် များ၏ အဝတ်အစားများ၊ အသုံးအဆောင် ပစ္စည်းများကို မျိုးဗီဇ (DNA) စစ်ဆေးရာ၌ တူညီမှုမရှိကြောင်း သိရ သည်။
“အမှုမှာ အခုအချိန်အထိ သူတို့ဘက်ကတင်တဲ့ သက်သေ အထောက်အထား DNA ကိစ္စတွေက အစ အကုန်လုံးခြုံကြည့် မယ် ဆိုရင် ကိုယ့်ဘက်က သာတာပေါ့။ DNA ဆိုရင်လည်း သေဆုံးသူ ခန္ဓာကိုယ်မှာတွေ့တဲ့ သွေးတို့၊ အဝတ်အစားတို့မှာ ရှိတဲ့ ဟာတွေ၊ ကလေးမလေး လက်သည်းမှာ ရှိတဲ့ဟာတို့ စသဖြင့် ၁၃ မျိုးလောက်ရှိတယ် ဒီကလေး ၄ ယောက်လုံးနဲ့ လုံးဝ မတူဘူး”ဟု ဦးမင်းဦး ကပြောသည်။
အဆိုပါ ရနောင်းလူသတ်မှုကို FED အဖွဲ့နှင့်အတူ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ၊ ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ လအတွင်းက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦးဖြစ်သော ဒေးဗစ် မီလာနှင့် ဟန်နာ ဝစ်ထာရစ်ချ်တို့ ၂ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသား လူငယ် ၂ ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ၂ဦးသည် လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းခိုးမှု စသည့် ပုဒ်မများ တပ်ပြီး သေဒဏ် အမိန့် ချခံထားရသည်။