မျိုးစောင့်ဥပဒေ ပြင်ဆင်ပါက တနိုင်ငံလုံးရှိ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ဝင်အားလုံး လမ်းမပေါ်သို့ထွက်၍ လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။
မဘသအဖွဲ့ ဦးဆောင်ကော်မတီဝင် စာရေးဆရာမောင်သွေးချွန်က “ မျိုးစောင့်ဥပဒေတွေကို ပြင်မယ်ဆိုရင် မဘသက လုံးဝလက်ခံမှာ မဟုတ်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ အစိုးရ ဒုက္ခရောက်သွားမယ်။ တနိုင်ငံလုံးအကုန် လမ်းမပေါ် ထွက်လာမှာပဲ။ လုပ်ရဲရင် လုပ်ကြည့်လိုက်” ဟု ပြောသည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပြင်ဆင်မည်ဆိုပါက တနိုင်ငံလုံးရှိ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ဝင်အားလုံး လမ်းမပေါ်သို့ ထွက်ရလိမ့်မည် ဖြစ်ကြောင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဟု ၎င်းက ဆက်ပြောသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲထားသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အကာအကွယ်ပေးရေး ဥပဒေကို လာမည့်လွှတ်တော်သိုတင်ပြရမည်ဖြစ်ရာ ထိုဥပဒေ ပြဌာန်းမည်ဆိုပါက မျိုးစောင့်ဥပဒေကို ပြင်ဆင်ရန် လိုအပ်လာမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များဆိုင်ရာ ကော်မတီက ပြောဆိုထားသည်။
ဂျနီဗာအစည်းအဝေးက မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW) အရ လုပ်ကိုင်ဆောင်ရွက်ရန် အချက် ၅၀ ကျော်ကို တိုက်တွန်းထားရာ ထိုအချက်များထဲတွင် မျိုးစောင့်ဥပဒေကိုပါ ပြင်ဆင်ပေးရန် ပါဝင်ကြောင်း အမျိုးသား လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းက ဧရာဝတီသို့ပြောဆိုသည်။
“CEDAW က အချက် ၅၀ ကျော်လုပ်ဖို့တောင်းဆိုတယ်။ အဲဒီအထဲမှာ မျိုးစောင့်ဥပဒေ ၄ ခုကို ပြင်ဖို့ဆိုတာ ပါတယ်။ မစ္စယန်ဟီးလီ လာတုန်းကလည်း မျိုးစောင့်ဥပဒေတွေကို ပြင်ဖို့ပြောတယ်” ဟု ဒေါက်တာမြသောင်းက ဆိုသည်။
ကော်မတီက ပြဋ္ဌာန်းမည့် ဥပဒေသည် မျိုးစောင့်ဥပဒေထက်စော၍ ၂၀၁၃ ခုနှစ် ကတည်းက ရေးဆွဲခဲ့သော်လည်း မပြီးစီးနိုင်ဘဲ ဖြစ်နေချိန်၌ မျိုးစောင့်ဥပဒေကို နိုင်ငံရေးတိုက်ကွက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သာမန်လူတန်းစားများက လက်ခံသော်လည်း ပညာတတ် အသိုင်းအဝိုင်းက လက်မခံကြောင်း ဒေါက်တာမြသောင်းက ဆက်ပြောသည်။
ဒေါက်တာ မြသောင်းက “ အမျိုးသမီး အကြမ်းဖက်ခံရမှု ကာကွယ်ရေးဥပဒေ တင်ရတော့မယ်ဆိုတော့ အဲဒီမျိုးစောင့် ဥပဒေကိုလည်း ပြင်ရမယ့်သဘော ရှိနေတယ်။ လူ့အခွင့်အရေးအရကြည့်ရင် ပြင်မှရမယ့် အခြေအနေ ဖြစ်နေတယ်။ ဖျက်မှာ မဟုတ်ဘူး။ သူ့မှာလည်း ကောင်းတဲ့ကိစ္စတွေ ရှိနေတော့ ပြင်ရုံပါပဲ ဖျက်ဖို့မဟုတ်ဘူး” ဟု ဆိုသည်။
အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးဆိုင်ရာ ကော်မတီက ပြဌာန်းမည့် ဥပဒေနှင့် ဆန့်ကျင်နေသည့် မျိုးစောင့်ဥပဒေကို ပြင်ဆင်ရန်သည် ဥပဒေကြမ်းကော်မတီ၏ အလုပ်တာဝန်သာ ဖြစ်ကြောင်းနှင့် ကော်မတီက ပြဌာန်းမည့် ဥပဒေ လွှတ်တော်သို့ ရောက်ရှိမှသာ မျိုးစောင့်ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က စဉ်းစားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတဦးဖြစ်သည့် ဒေါ်မေစံပယ်ဖြူက ယခုအချိန်၌ မျိုးစောင့်ဥပဒေကို ပြင်ဆင်ရန် ကြိုးစားမည်ဆိုပါက ထိုကိစ္စအပေါ် နိုင်ငံရေးပြဿနာ တခုအဖြစ် ဖော်ဆောင်မည်ကို စိုးရိမ်ကြောင်း ပြောသည်။
ဒေါ်မေစံပယ်ဖြူက “ အခုတိုင်းပြည်မှာ အခြားအရေးကြီး ဖြေရှင်းရမယ့်အချိန်မှာ ဥပဒေကြမ်း ထွက်လာဖို့အတွက် အခြားနည်းတခုခုနဲ့ ကြိုးစားသင့်တယ်။ မျိုးစောင့် ဥပဒေဆိုတာ မလိုဘူး။ မျိုးစောင့်ရေးနဲ့ဆိုင်တဲ့ concern (ပူပန်စိုးရိမ်မှု) တွေကို ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတကာ စံနှုန်းနဲ့ညီတဲ့ တခြားဥပဒေတွေ လုပ်သင့်တယ်” ဟု ဆိုသည်။
အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတဦးလည်းဖြစ်သူ
ဒေါ်ရွှေရွှေစိန်လတ်က “ အခုဥပဒေအသစ်က အမျိုးသမီးထု အကုန်လုံးကို ကာကွယ်ပေးမှာ။ မျိုးစောင့်တွေ မလိုဘူး။ အစောကြီးကတည်းက ဒါကို ပြောတယ်။ ဒီမျိုးစောင့်တွေကို ပြဌာန်းလိုက်ရင် နိုင်ငံတကာမှာလည်း Image ကျမယ်။ နောက်ဥပဒေတွေ ပြဌာန်းရင်လည်း ရှေ့နောက်မညီတော့ဘူးဆိုပြီး လွှတ်တော်မှာ ပြောခဲ့တယ်။ ပြောရရင်တော့ ဟိုအရင်ကတည်းက မထောက်ခံခဲ့တဲ့ ဥပဒေတွေပါ” ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဦးဆောင်ပြဋ္ဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေခြင်းအပေါ် ယေဘုယျအားဖြင့် သဘောမတူနိုင်ကြောင်း ပြောသည်။
“မိသားစုတွေ ငြိမ်းချမ်းဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေပါ။ မိသားစု ငြိမ်းချမ်းမှ ရပ်ကွက်ငြိမ်းချမ်းမယ်။ အဲလိုနဲ့ နောက်ဆုံး တိုင်းပြည်ကြီးပါ ငြိမ်းချမ်းမယ်။ ဒါကြောင့် ပြင်မယ်ဆိုရင် သဘောမတူနိုင်ဘူး။ ဒါပေမယ့် ဘယ်လိုပုံစံပြင်မလဲဆိုတာ တိတိကျကျ မသိသေးတော့ မှတ်ချက် မပြုနိုင်သေးဘူး” ဟု ဒေါက်တာမောင်သင်းက ဆိုသည်။