ကျောင်းသားအရေး၊ အလုပ်သမားအရေး ဆောင်ရွက်ခဲ့သူများဖြင့် ဖွဲ့စည်းလိုက်သည့် ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦး အနေဖြင့် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လုံးဝဖျက်သိမ်းရေးကို ဦစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းရုံးရေး ကော်မတီဝင်များက ပြောဆိုလိုက်သည်။
ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦး(SDUF)၏ နိုင်ငံရေး ကြေညာစာတမ်း၊ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ် များနှင့် ပတ်သက် ၍ သတင်းစာ ရှင်းလင်းပွဲတခုကို ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်(MJN) ရုံးခန်း တွင် ပြုလုပ်ခဲ့ရာ အထက် ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာ့နိုင်ငံရေး ပြဿနာအရပ်ရပ်၏ အဓိကသော့ချက် ဖြစ်နေသောကြောင့် ၎င်းတို့ အနေဖြင့် လုံးဝ လက်မခံနိုင်ကြောင်း၊ မိုကရေစီစံနှုန်းနှင့် ကိုက်ညီသည့် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း SDUF စည်းရုံးရေး ကော်မတီဝင် ကိုကျော်ကိုကိုက ပြောသည်။
ကိုကျော်ကိုကိုက “ကျနော်တို့ရဲ့ ပထမဦးစားပေး အလုပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးပဲ။ ပြင်ဆင် ရေး ဆိုတာထက်ကို ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ လက်မခံဘူး။ ဖျက်သိမ်းရေးဆိုတဲ့ အယူဝါဒကို ကိုင်စွဲတယ်။ လုပ်ပုံလုပ်နည်းက Method အများကြီးရှိတယ်။ နည်းနာနိသယတွေ မျိုးစုံကြိုးစား အားထုတ်ပြီး ဝါဒဖြန့်သွားမှာ ဖြစ်ပါ တယ်”ဟုလည်း ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရ နိုင်ငံရေးသဘောတရား ပြောင်းလဲသွားရေးကို အဓိက ရည်ရွယ်ကြောင်း၊ မြန်မာ့ နိုင်ငံရေးသည် ၂၀၀၈ ဖွဲ့စည်းပုံ အောက်တွင် ရှိနေသမျှ နိုင်ငံရေးပါတီ တည်ထောင်ပြီး အာဏာ ရသည့် အစိုးရဖြစ်လာသည့်တိုင်အောင် အချုပ်အနှောင်များ ခံထားရဆဲဖြစ်ပြီး ယခင် ဗျူရိုကရက် ဟောင်းများကသာ ချုပ် ကိုင်ထားသည်ကို တွေ့ရသည့်အတွက် လုံးဝလက်မခံခြင်း ဖြစ်ကြောင်း ပြောသည်။
SDUF သည် နိုင်ငံရေးပါတီ မဟုတ်ဘဲ နိုင်ငံရေး အင်အားစု တခုသာဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရှိနေ သမျှ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲသွားမည် မဟုတ်သကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကျင်းပနေသည့် ရွေးကောက် ပွဲများကိုလည်း ပူးပေါင်း ဆောင်ရွက်မည် မဟုတ်ကြောင်းလည်း ကော်မတီဝင်များက ပြောဆိုသည်။
ပြည်တွင်းစစ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့သော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကိုလည်း SDUF က ဆောင်ရွက် သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ချိတ်ဆက်ဆောင် ရွက်သွားရန် စီစဉ်ထားကြောင်း စည်းရုံးရေး ကော်မတီဝင် ကိုမိုးထက်နေကလည်း ပြောသည်။
ကိုမိုးထက်နေက “ငြိမ်းချမ်ရေး၊ စစ်ပွဲနဲ့ပတ်သက်လို့ လှုပ်ရှားနေတာတွေရှိတယ်။ ကျနော်တို့အားလုံးရဲ့အမြင်ကတော့ စု စည်းနိုင်ခြင်း မရှိသေးဘူးလို့ နားလည်တယ်။ ဒါကြောင့် စုစည်းသွားနိုင်ဖို့ ကြိုးစားမယ်။ ငြိမ်းချမ်းရေးမှာ အယူဝါဒတူတဲ့သူ တွေ၊ အမြင်တူတဲ့သူတွေ စုစည်းသွားပြီး အသံတသံတည်း ထွက်နိုင်အောင် လုပ်နိုင်ရင် ငြိမ်းချမ်းရေးက ပိုနီးစပ်လိမ့်မယ်” ဟုလည်း ဆိုသည်။
SDUF ၏ လတ်တလော နိုင်ငံရေးရည်မှန်းချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ရေး အပြင် လူထုစီးပွားဘဝ ချောင်လည်ဖွံ့ဖြိုးရေး အတွက် အမျိုးသား စီးပွားရေးစနစ် တည်ဆောက်ရေး၊ အမျိုး သား စက်မှုသိပ္ပံနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ နိုင်ငံတကာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကာ နိုင်ငံခြားဆက်ဆံရေးကို အခိုင်အမာ တည်ဆောက်ရေးများ ပါဝင်ကြောင်း နိုင်ငံရေး ကြေညာစာတမ်းတွင် ဖော်ပြ ထားသည်။
ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ် ရေး တပ်ဦး(Social Democratic United Front – SDUF)ကို ပိုမို ကျယ်ပြန့်သည့် နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် စည်းရုံးရေး အဖွဲ့ဝင် ၅ ဦးဖြင့် ၂၀၁၇ ဇန်နဝါရီ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။