ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဇိုင်းအောင် နှင့် ခေါင်ရှောင် စစ်ရှောင်စခန်းတို့မှ ထွက်ပြေး လာ ကြသည့် စစ်ဘေး ဒုက္ခသည် ၁၈၀၀ ကျော် လက်ရှိခိုလှုံနေသည့် ရှအိယန်ရွာတွင် အအေးဓာတ်လွန်ကဲပြီး ရေခဲမှုန် များ ကျနေသဖြင့် အနွေးထည်များ၊ အမိုးအကာများ လိုအပ်နေသည်ဟု သတင်း ရရှိသည်။
ဇိုင်းအောင် နှင့် ခေါင်ရှောင် စစ်ရှောင်စခန်းမှ စစ်ဘေးဒုက္ခသည် ၁၈၉၄ ဦးသည် ဒီဇင်ဘာလ အတွင်းက ၎င်းတို့ စခန်းများ အနီး တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားပြီး လက်နက်ကြီးများ ကျသဖြင့် ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ ရောက်ရှိနေသည့် ရှအိယန်ရွာသည် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာခရိုင်အတွင်း တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်တွင် တည်ရှိသည်။
ရှအိယန်ရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ၏ စစ်ပြေး ဒုက္ခသည် များ ကူညီစောင့်ရှောက်ရေး IRRC မှ ပလတ်စတစ် မိုးကာများဖြင့် ယာယီတဲများ ဆောက်လုပ်ပေးထားသည်ဟု ရှအိယန် IRRC တာဝန်ခံ ဦးခရော်တူးဒန်က ပြောသည်။
“သူတို့ ဇန်နဝါရီ ၂၂ က မနက် ၁နာရီ ၃ နာရီလောက်က စပြီး တယောက်ချင်း ရောက်လာကြတယ်။ ရောက်တဲ့ညကတော့ ဒီရွာက နွားတင်းကုတ်ကို ငှားပြီး စုအိပ်ခိုင်းရတယ်။ နောက်ရက်တော့ ဒီမိုးကာတဲတွေ ဆောက်ပေးတယ်”ဟု
ဦးခရော်တူးဒန် က ပြောသည် ။
ရောက်ခါစတွင် စစ်ရှောင်ဒုက္ခသည်များသည် ပလတ်စတစ်မိုးကာ ယာယီတဲ အတွင်း မြေကြီးပေါ်တွင် ပလတ်စတစ် မိုးကာ များ ခင်းကာ အိပ်ကြရသည်ဟု သိရသည်။
ရှအိယန် ဒေသအတွင်း အပူချိန် အနုတ် ၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းနေပြီး ညပိုင်းတွင် ရေခဲမှုန်များ ကျသဖြင့် သက်ကြီးရွယ်အို တချို့ ခြေလက်များ မလှုပ်မရှားနိုင်တော့ခြင်း၊ ထုံကျင်ခြင်းများ၊ အအေးမိဖျားနာခြင်းများ ဖြစ်နေသည်ကို တွေ့ရသည်။
ဇိုင်းအောင်မှ ရှအိယန်သို့ ရောက်ရှိနေသည့် အသက် ၅၅ နှစ်ခန့်ရှိ စစ်ပြေးဒုက္ခသည် ဦးဇော်ရာက “ပြေးလာတုန်းက ကောင်းသေးတယ်၊ အခု ညာဘက်ခြေက လှုပ်မရဘူး ကျင်နေတယ်၊ ပါးတွေလည်း ကျင်နေတာ လေဖြတ်တော့မယ် ထင်တ ယ်”ဟု ပြောသည် ။
ရှအိယန် ရွာအတွင်း နေရာချထားသည့် စစ်ဘေးရှောင်ဒုက္ခသည် ယာယီစခန်းတွင် အသက် ၅၀ နှင့်အထက် ဦးရေ ၁၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် KIA ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက ဆေးခန်း ထားရှိပြီ ဖြစ်သော်လည်း လက်ရှိတွင် စစ်ရှောင်များအတွင်း မည်သူဖျားနာနေသည်ကို စာရင်း ကောက်ယူ ထားခြင်း မရှိခြင်းတို့ကြောင့် ဖျားနာသူဦးရေ အတိအကျ မသိရှိရသေးပါ။
ဦးခရော်တူးဒန်က “ဒီတိုင်းဆို မဖြစ်ဘူး။ အကုန် ကျန်းမာရေး ထိခိုက်ကုန်မယ်။ လေဖြတ်ကုန်မယ်။ ကျနော်တို့လည်း အမြန်စီစဉ်နေပါတယ်။ သူတို့ကို အိမ်ဆောက်ပေးဖို့လည်း တိုင်ပင်နေပါတယ်။ လက်ရှိမှာတော့ ခင်းအိပ်ဖို့ သုံးထပ်သား ပြားတွေ စဝေနေပါတယ်”ဟု ပြောသည်။
ဇိုင်းအောင်နှင့် ခေါင်ရှောင် စစ်ဘေးဒုက္ခသည်များသည် ၂၀၁၁ ခုနှစ်မှ စ၍ ဝိုင်းမော်မြို့နယ် အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒုက္ခသည်များ ခိုလှုံနေရသည့် စခန်းဖြစ်သည်။