အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရခြင်းမှာ အစားထိုးမရ သောဆုံးရှုံးမှုဖြစ်ကြောင်း၊ ထို့အတွက် လက်ရှိခေါင်းဆောင်များ၏ လုံခြုံနှင့်ပတ်သက်၍ မြှင့်တင်ရန် အကြံပေးမည် ဖြစ် ကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဧရာဝတီသို့ပြောသည်။
“မြန်မာနိုင်ငံမှာ အခုလို လုပ်ကြံတဲ့အကြမ်းဖက် ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်းလုံးဝအားမပေး ဘူး။ ဒါက အင်မတန်ဆိုးဝါးတဲ့ ဖြစ်ရပ် တခုပဲ။ ဦးကိုနီဟာ နိုင်ငံရေး အရ ဘာအန္တရာယ်မှ မရှိတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်ကို ဘယ်သူတွေက ထိုးနှက်ချင်တာလဲဆိုတာ အဖြေပေါ်လာတော့မှာပါ။ ခရီးစဉ်က အပြန်မှာ အနီးကပ် သွေးအေးအေးနဲ့ လုပ်သွားတာ။ သတ်ပြီး အေးအေးဆေးဆေးနဲ့ ထွက်သွားတာကို အနားက လူတွေ ဝိုင်းဖမ်းလို့ မိတယ်” ဟု ဦးဝင်းထိန် က ဧရာဝတီသို့ ပြောသည်။
ဦးကိုနီသည် ပါတီအတွက် ဥပဒေပိုင်းဆိုင်ရာ ကိစ္စများတွင် အားကိုးအားထားရသူ ဖြစ်ကြောင်း၊ NLD ထိပ်ပိုင်း ခေါင်းဆောင်များကို အကြံပေးမှုများ ပြုလုပ်ပေးခဲ့သူ ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်သည် စိတ်မကောင်းစရာ ဖြစ်သလို အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း၊ လုံခြုံရေး ပိုင်းအရ ကြည့်ရှုမည်ဆိုပါက အန္တရာယ်ရှိကြောင်း၊ ဒီဖြစ်စဉ်ကြောင့် လက်ရှိခေါင်းဆောင်များရဲ့ လုံခြုံရေးကို တဆင့်မြှင့်ရန် အကြံပေးမည်ဖြစ်ကြောင်းလည်း ဦးဝင်းထိန်ကဆိုသည်။
ဦးကိုနီနှင့် ကိုယ်စားလှယ် အဖွဲ့ဝင် ၂၁ ဦးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ကာ Senior Leadership Program လေ့လာခဲ့ပြီးနောက် ယနေ့ ပြန်လည်ရောက်ရှိလာစဉ် ရန်ကုန်လေဆိပ်မှာ ကြည်လင်းဆိုသူ၏ ၉မမ ပစ္စတိုဖြင့် အနီးကပ်လုပ်ကြံခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ကြည်လင်းဆိုသူအား ဖမ်းဆီးရမိရေးအတွက် ကူညီခဲ့သော တက္ကစီယာဉ်မောင်း ဦးနေဝင်းဆိုသူလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။
သေနတ်ဖြင့် ပစ်သတ်သူမှာ တရုတ်လူမျိုး အသက် ၅၃ နှစ်အရွယ် ကြည်လင်းဆိုသူ ဖြစ်ပြီး မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ပုဏ္ဍားကုန်း ရပ်ကွက်၊ ၃၄ လမ်း မှ ဖြစ်ကြောင်း သိရသည်။ ၎င်းထံမှ ၉ မမ ပစ္စတို ၁ လက်၊ ၅ လုံးပြူး သေနတ်တလက်နှင့် စုစုပေါင်း ကျည် ၁၃ တောင့် ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တရားခံကို ရောမမာန်စားသောက်ဆိုင်ရှေ့တွင် ဖမ်းဆီးမိခဲ့ကြောင်း ရဲစစ်ချက်အရ သိရသည်။
လက်ရှိတွင် ဦးကိုနီနှင့် တရားခံကို ဝင်ရောက် ဖမ်းဆီးပေးရင်း သေဆုံးသွားသည့် ကိုနေဝင်း၏ အလောင်းများကို မြောက်ဥက္ကလာပ ဆေးရုံကြီး မှုခင်းဆေးပညာဌာနတွင် ထားရှိ စစ်ဆေးနေပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက်နေကြောင်း၊ ဦးမြအေး၊ ဦးကိုကိုကြီးနှင့် သေဆုံးသူများ၏ မိသားစုဝင်များလည်း ရောက်ရှိနေသည်။
ဦးကိုနီ၏ ရုပ်ကလပ်ကို ရေဝေးသုဿန်ရှိ မွတ်ဆလင်သင်္ချိုင်းတွင် မနက်ဖြန်ညနေ ၄နာရီခွဲ၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။