အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေဦးကိုနီ(အသက် ၆၅နှစ်)ရဲ့ ရုပ်ကလပ်ဟာ ယနေ့ ညနေ ၄နာရီမှာ ရေဝေးသုဿန်က မွတ်ဆလင်သင်္ချိုင်းမှာ သဂြိုလ်ဖို့ ရောက်ရှိနေပြီဖြစ် ပါတယ်။
နာရေးကိုတက်ရောက်လာတဲ့ NLD ပါတီ နာယက ဦးဉာဏ်ဝင်းကတော့ “မကြုံချင်တဲ့ နေ့တနေ့ပါ”ဆိုတဲ့ စကား တခွန်းကို ပြောသွားခဲ့ပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ဖခင် ဦးစူလတန်၊ မိခင် ဒေါ်ခင်လှ (ခ)ဒေါ်ဟလီမာတို့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာမှာမွေးဖွားခဲ့ပါတယ်၊ သူဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကသာမြို့ အထက ၁ ကျောင်း ကနေအောင်မြင်ခဲ့ပြီး ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်မှ ၁၉၇၅ ခုနှစ်မှာ B.A(Law) ဘွဲ့၊ ၁၉၇၆ ခုနှစ်မှာ LL.B ဘွဲ့ရရှိခဲ့ပါတယ်။
၁၉၇၅- ၁၉၇၆ ပညာသင်နှစ် အတွင်းမှာ ရန်ကုန်တက္ကသိုလ် ဥပဒေ အသင်းကြီးရဲ့ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာန မှာ နည်းပြဆရာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တက္ကသိုလ် နည်းပြ ဘဝမှာပဲ ရှေ့နေကြီး ဆရာဦးကိုယုထံမှာ အလုပ်သင် ရှေ့နေ၊ အမှုလိုက် ရှေ့နေ စတဲ့တာဝန်များကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။
ကျောင်းဆရာ အလုပ်ကို ဝါသနာပါ နှစ်သက်တဲ့အတွက် မေတ္တာဖြင့်ဟောပြောပို့ချမှုများကိုလည်း တတ်နိုင်သမျှ ပြုလုပ်ခဲ့သလို ၁၉၉၅ ခုနှစ်ကစပြီး Laurel Law Firm ကို တရားဝင် မှတ်ပုံတင် တည်ထောင်ကာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။
သူမကွယ်လွန်မီ အချိန်ထိ NLD ပါတီရဲ့ ဥပဒေအကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သူဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလက စတင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပြောဆိုခဲ့သလို White ကတ် ကိစ္စ နဲ့ ပတ်သက် ပြီးလည်း ဝေဖန် သုံးသပ်ခဲ့သူပါ။
NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်ကတော့ ဦးကိုနီက ပါတီမှာဥပဒေပိုင်း ကိစ္စ ရပ်တွေမှာ အားကိုး ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပြီးခေါင်းဆောင်ပိုင်းအပေါ် အကြံပေးလေ့ ရှိကြောင်း၊ ပါတီရဲ့ ခေါင်းဆောင်ပိုင်းနေရာမှာ မပါ ဝင်ပေမယ့် ဥပဒေကြောင်းအရ အရေးပါတဲ့ ဆုံးဖြတ်ချက်များ၊ဝေဖန်ချက်များကို ပေးနိုင်သူ တဦးဖြစ်တယ်လို့ ဧရာဝတီ ကို ပြောပြပါတယ်။
ဦးကိုနီသည် တရားခွင်မှ တိုက်ပွဲများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လိုပြင်ကြမှာလဲ၊ လာမည့်ရွေးကောက် ပွဲမှာ မဲဘယ်လိုပေးမှာလဲ စတဲ့စာအုပ်များကို ရေးသား ထုတ်ဝေခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံခရီးစဉ်က အပြန် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အရောက်မှာ သေနတ်သမားကြည်လင်း ဆိုသူရဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရပြီးကွယ်လွန်ခဲ့တာပါ။