ဦးကိုနီဟာ NLD ပါတီ ဗဟိုဥပဒေအထောက်အကူပြု အဖွဲဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကာလကစတင်ကာ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ တစိုက်မတ်မတ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
NLD အစိုးရ အာဏာရလာသော်လည်း အခြေခံဥပဒေ မပြင်ဆင်နိုင်သေးသည့် အပေါ်မှာအားမလို အားမရဖြစ် နေသူ ဖြစ်ပြီး၊ နောက်ဆုံးအချိန်အထိပင် အခြေခံဥပဒေပြင်ဆင်ရေးကို လက်ကိုင်ထား သူဖြစ်ပါတယ်။
ဒါ့အပြင် White ကတ်ကိစ္စမှာလည်း ထောက်ပြဝေဖန် သုံးသပ်ခဲ့ပြီး NLDရဲ့ ဥပဒေကြောင်းအရ အရေးပါတဲ့ တင်ပြချက် တွေကို အချက်အလက် ပိုင်ပိုင်နဲ့ ပြောဆိုနိုင်သူ တဦးဖြစ်ပါတယ်။
မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်က ဦးကိုနီလုပ်ကြံခံရမှု နယူးယောက်တိုင်းမ်သတင်းစာ အွန်လိုင်းသတင်း အောက်ခြေမှာ သေဆုံးသူ ဦးကိုနီဟာ “မိတ်ဆွေကောင်း၊ မြင့်မြတ်သူတဦး၊ NLD အစိုးရအတွက် မွတ်စလင်ရှေ့နေ၊ တရားမျှတရေးနဲ့ မြန်မာပြည်မှာ ကိုးကွယ်ရာ ဘာသာချင်း နားလည်သဘောပေါက်ရေး မနားမနေ အလုပ်လုပ်သူ ပညာတတ်တယောက်”လို့ ရေးပါတယ်။
ဦးကိုနီ သတင်းဌာနတွေကို ပြောခဲ့သမျှထဲက အချို့ကို ဧရာဝတီက ကောက်နှုတ်တင်ပြလိုက်ပါတယ်။
နိုင်ငံခြားသား ဇနီးခင်ပွန်း သို့မဟုတ် သားသမီး ရှိသူ သမ္မတဖြစ်မလာစေရန် တားဆီးထားသည့် ပုဒ်မ ၅၉(စ) နှင့် ပတ် သက်၍
“(အခြေခံ ဥပဒေကိုပြင်ဆင်ဖို့) သမရိုးကျ မဟုတ်တဲ့ နည်းလမ်းတခု ရှိပါတယ်။ ၅၉(စ) မှာ ပြဌာန်း ထားတာတွေကို ယာ ယီ ဆိုင်းငံ့ပေးနိုင်မယ့် အထူးဥပဒေတခု ကျနော်တို့ ပြဌာန်းဖို့လိုပါတယ်။ ဒီဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၅၁ ရာခိုင်နှုန်းရဲ့ ထောက်ခံမဲနဲ့ ပြဌာန်းလို့ ရနိုင်ပါတယ်” (Reuters /၂၀၁၆ ဖေဖော်ဝါရီလ ၂ ရက်နေ့ က NLD အစိုးရ အာဏာမရရှိမီ၊ ၂၀၁၆ ခုနှစ် ဧပြီလ တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး ကို မဖန်တီးမီ ပြောခဲ့ခြင်း ဖြစ်သည်။)
အမုန်းစကားများ ထိန်းချုပ်ရေး နှင့် ပတ်သက်၍
“ကျနော်တို့ နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေအရ အမုန်းစကားတွေနဲ့ ခွဲခြားမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေတခု ပြဌာန်းဖို့ အလွန်လိုအပ်နေပါတယ်။ (DVB/ ၂၀၁၆ ဇူလိုင် ၂၂)
၁၉၇၅ ခုနှစ် နိုင်ငံတော် ကာကွယ်ရေး ဥပဒေ ဖျက်သိမ်းရေး နှင့် ပတ်သက်၍
“လက်ရှိ အစိုးရရဲ့ ပါတီစုံ ဒီမိုကရေစီစနစ်အတွက် ဒီလိုဥပဒေမျိုးက လုံးဝကို မလိုအပ်ပါဘူး။” (ဧရာဝတီ/ ၂၀၁၆ ဧပြီ၂၈)
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ဗဟိုချုပ်ကိုင်မှု ရှိသော အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး တောင်းဆို မှုများနှင့် ပတ်သက်၍
“အစိုးရလုပ်ငန်းတွေ အားလုံးအပေါ်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ထိန်းချုပ်မှုက ဖက်ဒရယ်စနစ်နဲ့ လုံးဝကို ဆန့် ကျင်နေပါတယ်။ ဒါကို ဖျက်သိမ်းသင့်ပါတယ်” (Myanmar Now/ ၂၀၁၆ ဖေဖော်ဝါရီ ၁)
ဘာသာခြားနှင့် လက်ထပ်ခြင်းကို တားမြစ်ထိန်းချုပ်သည့် ဥပဒေများပြဌာန်းရန် အဆိုပြုခြင်းနှင့် ပတ်သက်၍
“ဒီဥပဒေက ဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ အလေးပေးတယ်လို့ မြင်ပါတယ်။ တခြား ဘာ သာဝင် အမျိုးသမီးတွေ အတွက်ရောဘယ်လိုလဲ။ ဥပဒေတခုက လူတိုင်းကို ကာကွယ်ပေး သင့်ပါတယ်။ အခုတော့ ဒီဥပဒေက တနိုင်ငံထဲမှာ တူတူနေနေတဲ့ တခြားဘာသာဝင် အမျိုးသမီးတွေကို ဥပေက္ခာပြုထားသလို ဖြစ်နေပါတယ်” (ဧရာဝတီ/ ၂၀၁၅ စက်တင်ဘာ ၂)
ဘာသာ အားလုံးအတွက် တန်းတူအခွင့်အရေးကို မြှင့်တင်ပေးမည့် ဘာသာခြား လက်ထပ်ခြင်း ဥပဒေတခုကို အဆိုပြုခြင်း နှင့် ပတ်သက်၍
“အဓိက ရည်ရွယ်ချက် ၂ ခုရှိပါတယ်။ တခုကတော့ ကိုးကွယ်ရာ ဘာသာတွေကြားမှာ ဟန်ချက်ညီမျှ စွာ နေထိုင်နိုင်ရေးကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒုတိယကတော့ ဟန်ချက်ညီမျှမှုကို ဖျက်ဆီးဖို့ ကြိုးစားသူတွေကို ထိထိရောက်ရောက် အရေး ယူ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။”
“ဘာသာ အားလုံးရဲ့ အကျိုးစီးပွား ဖြစ်ထွန်းအောင်ဆောင်ရွက်ဖို့က အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ အခြေခံ ဥပဒေက လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပြုထားတဲ့ အတွက် အစိုးရ အနေနဲ့ ဗုဒ္ဓဘာသာကိုပဲ အလေးမပေးဘဲ တခြားဘာသာတွေလည်း အလေးပေးသင့်ပါတယ်။” (Myanmar Times/ ၂၀၁၆ မေ ၂၀)
နိုင်ငံသား ဥပဒေများတွင် ခွဲခြားမှုကို ရှောင်ရှားရေးနှင့် ပတ်သက်၍
“တကယ်လို့ တစုံတယောက်က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တယ်။ သူတို့ ဘဝတလျှောက်လုံးနေခဲ့မယ်ဆိုရင် ကျနော်တို့က သူတို့ကို မြန်မာနိုင်ငံသား အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြည်သူတွေကို အဆင့်အတန်းခွဲမယ်ဆိုရင် ထိခိုက်နစ်နာပါတယ်။” (ဧရာဝတီ ၂၀၁၆ မေ ၁၂)
မြန်မာမွတ်ဆလင် ရှေ့နေများ အသင်းဖွဲ့စည်းခြင်းကို တားမြစ်ရန် တောင်းဆိုမှုများ နှင့် ပတ်သက်၍
“လူတွေက မွတ်ဆလင်ဆိုတဲ့ စကားလုံးကို ကြားရင် ဘာကြောင့် ဝေဖန်ကြသလဲဆိုတာ ကျနော် နားမလည်ဘူး။ ကျနော် တို့က တခြားလူတွေကို ဒုက္ခမပေးပါဘူ။ ကျနော်တို့က စစ်အုပ်ချုပ်ရေးအောက်မှာ ကာလကြာရှည်စွာ ထိခိုက်ခံစားခဲ့ရတဲ့ ကျနော်တို့ မွတ်ဆလင် အသိုင်းအဝိုင်းအတွက် အကူအညီ ပေးချင်တာ သက်သက်ပါပဲ။” (Myanmar Times ၂၀၁၆ ဇွန် ၂၁)
အကျင့်ပျက်ခြစားမှု နှင့် လာဘ်ပေးလာဘ်ယူမှုများ နှင့် ပတ်သက်၍
“ပြဿနာကတော့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဥပဒေ မြန်မာနိုင်ငံမှာ ရှိနေပေမယ့် အကျင့်ပျက်ခြစားမှုက ပျံ့နှံ့ နေတုန်းပဲ။ အစိုးရဝန်ထမ်းအဖွဲ့ အစည်းရဲ့ အဆင့်တိုင်းမှာ အကျင့်ပျက်ခြစားမှု ရှိနေတယ်။ ဒါပေမယ့် အရေးယူအပြစ် ပေးတာက နည်းတယ်။” (ဧရာဝတီ ၂၀၁၆ ဧပြီ ၉)