ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော် ရှေ့နေဦးကိုနီရဲ့ ဈာပနကို ယနေ့ ညနေ ၄ နာရီခွဲက ရန်ကုန်မြို့ ရေဝေးသုဿန်မှာရှိတဲ့ မွတ်စလင်သင်္ချိုင်းမှာ မြုပ်နှံခဲ့ပြီး လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။
ဈာပနအခမ်းအနားကို NLD ပါတီ နာယက ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ နိုင်ငံခြားသံရုံးမှ တာဝန်ရှိသူတချို့၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အစရှိတဲ့ လူပေါင်းထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။
ဈာပနအခမ်းအနားကို တက်ရောက်လာတဲ့ NLD ပါတီ နာယကဦးဉာဏ်ဝင်းက “မကြုံချင်တဲ့ နေ့တနေ့ပါ” ဆိုတဲ့ စကားတခွန်းသာ ပြောသွားပါတယ်။
ဦးကိုနီ သေဆုံးသွားတဲ့အတွက် ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ ယနေ့ဇန်နဝါရီ ၃၀ ရက် နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ တက်ရောက်လာကြတဲ့ အမျိုးသားလွှတ်တော် ကိုုယ်စားလှယ်တွေက ဖဲကြိုးနက်ရင်ထိုးတွေ ထိုးပြီး တက်ရောက်လာတာကို တွေ့ရပါတယ်။
ဈာပနာအခမ်းအနားကို တက်ရောက်လာတဲ့ အဆိုတော် ဘိုဖြူက “ ဒီလုပ်ရပ်ကို အင်မတန်မှ ရှုတ်ချတယ်။ အသက်နဲ့ရင်းပြီး ဖမ်းပေးတဲ့ ကိုနေဝင်းကိုလည်း လေးစားတယ်။ ဂုဏ်လည်း ယူတယ်။ တက္ကစီအဖွဲ့ကိုလည်း ကျေးဇူးတင်တယ်။ သူတို့ကူညီလို့ ဒီလူကို ဖမ်းမိတာ။ ဒီထက်ပိုပြီး တရားဥပဒေ စိုးမိုးမှုရှိရင်တော့ ပြည်သူတွေရဲ့ လုံခြုံရေးပိုပြီး အဆင်ပြေမယ်
တူတယ်။ အခုက တယောက်ချင်းစီက လုံခြုံရေးအပေါ် လန့်နေကြတယ်။ ဒါက ကျနော့်အမြင့်ပေါ့လေ။ သူ့နေရာမှာ သူ့လိုအရည်အချင်းရှိတဲ့ သူတယောက် ပေါ်လာပါစေ” လို့ ပြောပါတယ်။
ဦးကိုနီရဲ့ ဆွေမျိုးသားချင်းတဦးက “ ပညာရှင်တယောက်ကို အခုလိုလုပ်လိုက်တာ နိုင်ငံရေးဆက်နွယ်မှု အများကြီး ရှိတယ်။ လူပုဂ္ဂိုလ် အမုန်းကြောင့် လုပ်တာမဟုတ်ဘူး။ နိုင်ငံတော်အတွက် လူတယောက်ကို ဆုံးရှုံးရသလို NLD အတွက် ထောက်တိုင်တခု ဆုံးရှုံးသွားတယ်” လို့ ပြောပါတယ်။
တရားလွှတ်တော် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုက ဘာသာရေး ပြဿနာ မဟုတ်ကြောင်း၊ နိုင်ငံရေး ပြဿနာ ဖြစ်ကြောင်း၊ အခုလုပ်ရပ်က လူမျိုးရေး၊ ဘာသာရေးအသွင်ဖြစ်အောင် ရန်တိုက်နေခြင်း ဖြစ်တာကို နားလည်ဖို့ လိုအပ်တယ်လို့ တရားလွှတ်တော် ရှေ့နေဦးအုန်းမောင် (ရန်ကင်း) က ရှင်းပြပါတယ်။
လူသတ်တရားခံ ကြည်လင်းက ယခင်က ဘုရားခိုးမှုဖြင့် ထောင် ၂၇ နှစ် ကျဖူးထားသူတဦးဖြစ်ပြီး မန္တလေး အိုးဘိုထောင်က ၂၀၁၄ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဧရာဝတီကို ပြောဆိုထားပါတယ်။
ဈာပနအခမ်းအနားကို တက်ရောက်လာသူ အများစုက ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဘာသာရေးနဲ့ မရောထွေးကြဖို့နဲ့ နိုင်ငံရေးပြသနာသာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။