ကျနော့်သူငယ်ချင်း ပေါ်ထွန်းရဲ့သား မင်္ဂလာဆောင်တာကိုု ကြားရတော့ ကျနော်တို့ ပေါ်ထွန်းတိုု့ငယ်စဉ်က ကြီးပြင်းလာခဲ့တဲ့ ရပ်ကွက်လေးကိုု သတိရမိပါတယ်။ အခု ပြန်သတိရမိတဲ့အခါ “ကွဲပြားခြားနား” တဲ့ မိသားစုများစွာ စုစည်းနေထိုင်ခဲ့တဲ့ ရပ်ကွက်ဖြစ်တာကို အမှတ်ပြုမိပါတယ်။ ဒီလိုကွဲပြားမှုတွေကို ငယ်ငယ်တုန်းက သတိမပြုမိတာကိုလည်း အခုမှ ဂရုပြုမိပါတယ်။
ကျနော် လူမှန်းသိစကနေပြီး ၇တန်းထိနေခဲ့တဲ့ ယောက်လမ်းရပ်ကွက်ဟာ ဗိုလ်ချုပ်ဈေး၊ သမ္မတ ရုပ်ရှင်ရုံ၊ မင်းမနိုင်၊ အရင် စစ်ရုံးချုပ်ကြီး၊ မျက်စိ နား နှာခေါင်းပြည်သူ့ဆေးရုံကြီး (အခု Max Myanmar)၊ အထက (၁) ဒဂုံကျောင်းတို့က ဝိုင်းရံထားတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ရပ်ကွက်မှာနေသူတွေရဲ့အခြေအနေတွေ ကွဲပြားကြပေမယ့် ခွဲခြားမှုတွေမရှိသလောက် နည်းခဲ့ တာတွေကို ကလေးတယောက်အနေနဲ့ အမှတ်ရမိတာလေးတွေကို ပြောပြပါရစေ။
ကျနော်တို့နေခဲ့တဲ့အိမ်က ၅၁ ဆင်းဒဝစ်လမ်း (အခု ဗိုလ်ရာညွန့်လမ်း)ဖြစ်ပါတယ်။ လမ်းမကြီးကနေ ကိုက် ၁၀၀ လောက် ရှိတဲ့လမ်းတိုလေးထဲမှာ ရှိတဲ့အိမ်ဖြစ်ပါတယ်။ ရှေးခေတ်က နှစ်ထပ်အိမ်ဖြစ်ပါတယ်။ လမ်းတိုလေးရဲ့အဆုံးမှာ ဆေးရုံအမှု ထမ်းတွေနေတဲ့ အိမ်ရာတိုုက်ခန်းတွေရှိတဲ့ ဆေးရုံဝင်းရှိပါတယ်။ ပေါ်ထွန်းအပါအဝင် သူငယ်ချင်းတချို့က ဆေးရုံဝင်းထဲ မှာ နေခဲ့ကြပါတယ်။ ဆေးရုံဝင်းထဲမှာ တိုင်းရင်းသား၊ တိုင်းရင်းသူတော်တော်များများရှိပါတယ်။ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ဗမာ၊ မွန် ဆရာမနဲ့ ဆရာဝန်မိသားစုတွေရှိတာကို မှတ်မိခဲ့ပါတယ်။
ဘေးက ပျဉ်ထောင်အိမ်မှာနေတဲ့မိသားစုက လမ်းထိပ်မှာ အကြော်ဆိုင်ဖွင့်ပါတယ်။ ဦးကြီးကရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့တိုင်း သွားရောက်ပူဇော်ကန်တော့ပါတယ်။ ကျနော်တို့ ကလေးတွေလည်း တခါတလေ လမ်းလျောက်လိုက်သွားတတ်ပါတယ်။ အဲဒီမိသားစုထဲက မိုးသူက ကျနော်တို့ အင်မတန်ခင်တဲ့သူငယ်ချင်းပါ။ ကစားချင်လွန်းလို့ မိုးသူ မြန်မြန်အလုပ်ပြီးအောင် အကြော်ဆိုင်မှာ သွားကူခဲ့တဲ့ နေ့တွေ ရှိခဲ့တာတွေကို သတိရမိပါတယ်။ သူတို့ မိသားစုကလည်း ကျနော်နဲ့ကျနော့်ညီ အောင်အောင်ကို သူတို့ရဲ့တူသားတွေလို ချစ်ခင်ဆက်ဆံတာကို အမှတ်ရမိပါတယ်။
အိမ်ရှေ့သုံးထပ်တိုက်အိမ်က ဦးတင်မြင့်ဟာ မဂိုလမ်းက ရွှေဆိုင်ပိုင်ရှင်ပါ။ ဒေဝါလီနေ့တွေမှာ ရပ်ကွက်ထဲ ကျနော်တို့ ကလေးတွေဟာ အင်မတန်အရသာရှိတဲ့ အချိုမုန့်တွေကို သူတို့အိမ်မှာ အဝစားခဲ့ရတာတွေကို သတိရမိပါတယ်။ သူ့သားတွေဟာ အင်ဂျင်နီယာ ဆေးကျောင်းသားတွေဖြစ်လို့ စာအများကြီး ဖတ်ရဖို့ လိုပေမယ့် ရပ်ကွက်လှုပ်ရှားမှုတိုင်းမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
နှစ်အိမ်ကျော်ရဲ့ဝင်းထဲမှာ မုန့်ဟင်းခါးသည် အဒေါ်ကြီးနဲ့ အချဉ်ထုပ်သည် အဒေါ်ခင်တို့ မိသားစုုတွေနေကြပါတယ်။ သူတို့ ဆိုင်တွေဟာ ကျနော်တို့ရဲ့အားထားရတဲ့ဆိုင်တွေပါပဲ။ တခါတလေ မုန့်ဖိုးကုန်သွားရင် နားလည်စွာနဲ့ စားခွင့်ပေးခဲ့ကြပါ တယ်။ သူတို့ရဲ့သားသမီးတွေဟာလည်း ကျနော်တို့ရဲ့ကစားဖော်သူငယ်ချင်းတွေပါ။ ဂေါ်လီရိုက်၊ ဂျင်ပေါက်၊ သရေကွင်း ပစ်၊ ဘော်လုံးကန်ရင်း ရန်ဖြစ်လိုက် ပြန်တဲ့လိုက်ပါပဲ။
လမ်းထိပ်က အိမ်နှစ်လုံးထဲက တလုံးမှာ ကျနော့်အမေရဲ့တဝမ်းကွဲအရီးလေးနဲ့ မိသားစုနေကြပါတယ်။ အရီးလေးဒေါ်နီရဲ့ ကွယ်လွန်သွားခဲ့တဲ့ခင်ပွန်းက ရခိုင်အမျိုးသားရှေ့နေဦးတင်မောင်ဖြစ်ပါတယ်။ သူတို့တိုုက်တခြမ်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင် မိသားတစုနေခဲ့ကြပါတယ်။ ဆရာဝန်ဖြစ်လာတဲ့ ကိုခင်ကျော်နဲ့ သူ့ညီ ကိုထွန်းကျော်တို့က ကျနော့်ရဲ့အဆုံးမသပ်တဲ့ မေး ခွန်းတွေကိုု စိတ်ရှည်စွာနဲ့ ဖြေကြားခဲ့တာတွေကို မှတ်မိနေဆဲပါ။
ကျနော်တို့ကလေးအဖွဲ့တွေက သင်္ကြန်၊ သီတင်းကျွတ်၊ ခရစ်စမတ်၊ ဒေဝါလီ၊ တရုပ်နှစ်သစ်ကူးနဲ့ အစ်ဒ်နေ့တွေကို ပျော်ရွှင် စွာ စောင့်မျှော်နေမိခဲ့တာတွေကို သတိရမိပါတယ်။ ခရစ်စမတ်သီချင်းလာဆိုုတဲ့အဖွဲ့တွေကို ညနက်တဲ့အထိ စောင်ြ့ပီး နား ထောင်ခဲ့သလိုု မနက်အစောကြီး ထပြီး ဆွမ်းဆန်လောင်းခဲ့တဲ့နေ့တွေဟာ ကျနော်တို့ရဲ့ကလေးဘဝက ပျော်ရွှင်ခဲ့တဲ့နေ့ တွေပါပဲ။ အစ်ဒ်နေ့တွေမှာ အီဒီနဲ့ တရုတ်နှစ်ကူးမှာ အန်ပေါင်း (မုန့်ဖိုး) တွေကို ကျနော်တို့ကလေးတွေ ပုံမှန်ရခဲ့တဲ့ ရပ်ကွက်3လေးလည်းဖြစ်ခဲ့ပါတယ်။
ရပ်ကွက်ထဲက ကျနော်တို့အားလုံး ဒဂုံမြို့နယ် အစိုးရအထက်တန်းကျောင်း အမှတ် ၁ (အထက ၁ ဒဂုံ) (အရင် က English Methodist School) မှာ ကျောင်းတက်ခဲ့ကြပါတယ်။ နေထိုင်တဲ့ရပ်ကွက်ပေါ် မူတည်ပြီး ဘယ်ကျောင်းတက်ရမယ်ဆိုတာ ကို ဆုံးဖြတ်ခဲ့လို့ဖြစ်ပါတယ်။ ဝင်ငွေအဆင့်အတန်းနဲ့သာ ဆုံးဖြတ်ခဲ့ရင် ကျနော့်ရပ်ကွက်ထဲက သူငယ်ချင်း တော်တော်များ များက အထက (၁) ဒဂုံကို လာနိုင်ခြေ နည်းပါးပါတယ်။
ကျနော်တို့လမ်းတိုလေးရဲ့အပြင်ရပ်ကွက်ထဲမှာလည်း ကွဲပြားမှုတွေ ရှိနေခဲ့ပါတယ်။ ပြည့်စုံတဲ့ အမျိုးသားရုပ်ရှင်ပိုင်ရှင်ဝင်း (လေးစားရ တဲ့ရုပ်ရှင်မင်းသားဟောင်းကြီး ကိုကျော်သူရဲ့မိသားစု)၊ ဒေါက်တာရွှေတင်(နှလုံးအထူးကု ဆရာဝန်ကြီး)၊ စစ်အရာရှိအိမ်ရာ ဝင်း၊ ရှုမဝတိုက်တို့ ရှိခဲ့သလို လက်လုပ်လက်စားပေါင်းစုံ (ကြံရည်ဆိုင်၊ စာအုပ်အငှားဆိုင်၊ လက်ဖက်ရည်ဆိုင်) တွေလည်း နေထိုင်တည်ရှိခဲ့ပါတယ်။
ယောကျ်ား ဖြစ်ပေမယ့် မိန်းကလေးဆန်ပြီး မိတ်ကပ်နှုတ်ခမ်းနီဆိုးတတ်တဲ့ ကိုချစ်တိုးနဲ့ မိန်းကလေးဖြစ်ပေမယ့် ဆံပင်တိုတို နဲ့ ပုဆိုးကို ယောက်ျားလို ဝတ်တတ်တဲ့ မခိုင်မာတို့လည်း ရပ်ကွက်ထဲမှာနေကြပါတယ်။ ဘာလို့ သူတို့ အဲဒီလို ဖြစ်နေတာလဲလို့ မေးကြည့်မိတော့ ကျနော်တို့ရဲ့ကရင်အဒေါ်က ”သူတို့ဘဝနဲ့ သူတို့နေတတ်သလို နေတာပဲ။ နင်တို့ကို ဘာဒုက္ခပေးလို့လဲ။ သူတို့နေတတ်သလို နေပါစေ” လို့ ဖြေလိုက်တာကို အခုထိ သတိရမိလိုက်ပါတယ်။
ကျနော်တို့ကလေးတသိုက်ကို ရပ်ကွက်ထဲက မိသားစုအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။ ဘယ်သူ့ ကလေးကိုမဆို သွန်သင်ဆုံးမခွင့် အားလုံးမှာ ရှိကြပါတယ်။ ခွဲခြားတာ မရှိခဲ့ပါဘူး။ ကျနော်တို့လမ်းထဲမှာ မဟုတ်တာတွေ လုပ်လာခဲ့ရင် အချဉ်ထုပ်သည် အဒေါ်ခင်ရဲ့ချက်ချင်း အဆူခံရတာတင်မက အိမ်မှာလည်း ထပ်ဆင့် အဆူခံရပါတယ်။ အဒေါ်ခင်က အိမ်ကို အကြောင်းကြားလိုက်လို့ပါ။
ကျနော်တို့ရဲ့ရပ်ကွက်လေးမှာ ကြီးပြင်းလာခဲ့ဘဝက ကွဲပြားတာကို ခွဲခြားစရာမလိုကြောင်းကို လက်တွေ့ကျကျနဲ့ တဖြည်းဖြည်းချင်း သင်ပေးလိုက်သလိုပါပဲ။ ဝင်ငွေ၊ ပညာ၊ အလုပ်၊ လူမျိုး၊ ဘာသာကွဲပြားနိုင်ပေမယ့် လူသားအဖြစ် ကွဲပြားမှုမရှိလို့ ခွဲခြားစရာမလိုတာကို မေတ္တာ၊ စေတနာတွေနဲ့ လက်တွေ့ပြသခဲ့တဲ့ လူမှုပတ်ဝန်းကျင်ကို အင်မတန်လေးစား ကျေးဇူးတင်မိ ပါတယ်။
အခု အချိန်မှာတော့ အရင်နှစ် ၄၀နဲ့ မတူတော့တာတွေကို သတိထားမိပါတယ်။ ကျနော်တို့နေခဲ့တဲ့ရပ်ကွက်လေး ပြောင်းလဲသွားသလို တိုင်းပြည်ကြီးကလည်း ပြောင်းလဲနေခဲ့ပါတယ်။ အဆင့်အတန်းကွဲပြားမှုတွေ အင်မတန်များလာခဲ့သလို လူ လူချင်း ခွဲခြားမှုတွေကလည်း မယုံနိုင်အောင် ပြန့်ပွားနေတာကို ကြားသိခဲ့ရပါတယ်။ ဥစ္စာ၊ အာဏာပြည့်စုံသူတွေရဲ့ကလေး တွေ တက်တဲ့ကျောင်းတွေကို လက်လုပ်လက်စားမိသားစုတွေရဲ့ကလေးတွေ ဘယ်လိုမှ မတက်နိုင်တာကိုလည်း ဝမ်းနည်းစွာ အမှတ်ပြုမိပါတယ်။
တချိန်တည်းမှာပဲ ကွဲပြားမှုတွေကို ပုံကြီးချဲ့ပြီး မုန်းတီးရက်စက်ရေးတွေကို ဆော်သြောနေတဲ့အဖွဲ့တွေရှိနေတာကိုလည်း သတိထားမိပါတယ်။ ကျနော်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ဗုဒ္ဓတရားတော်အောက်မှာ ကွဲပြားမှုတွေကို မေတ္တာနဲ့တုံ့ပြန် ခဲ့ကြတာတွေဟာ အခုခေတ်မှာ ရှားပါးလာသလို ခံစားမိပါတယ်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေဟာ မြန်မာ ပြည်သာမက ကမ္ဘာကြီးမှာပါ ကြုံတွေ့နေရတာကို ရင်နင့်စွာ ခံစားမိပါတယ်။
ဒီဆောင်းပါးရေးနေရင်း ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံလိုက်ရတာကို ဝမ်းနည်းကြေကွဲစွာနဲ့ ကြားသိခဲ့ရပါတယ်။ ဦးကိုနီကို ကျနော် ၈၈၈၈ လှုပ်ရှားမှုတုန်းက မတွေ့ခဲ့ရပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့ တင် ပြမှုတွေကို လေးစားစွာ နားထောင်မှတ်သားခဲ့ပါတယ်။
လူကိုယ်တိုင် တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့အခါ ဦးကိုနီကို ပိုမို လေးစားလာမိပါတယ်။ သူ့ရဲ့တိုင်းပြည်ချစ်စိတ်၊ ဥပဒေရေး ရာကျွမ်းကျင်မှု၊ အမြှော်အမြင်ကြီးမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားမှု၊ ဘာသာတိုင်းကို လေးစားနားလည်မှု နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခရာကျမှုကို ဦးစားပေးချက်တွေကို ပိုသိလာခဲ့ပါတယ်။
ဦးကိုနီ မြန်မာပြည်ကို ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးပေမယ့် သူ့ရဲ့ဘာသာရေးကွဲပြားမှုကြောင့် လူတချို့တွေက ရက်စက်ရင့်သီးစွာ ခွဲခြား ဆက်ဆံခဲ့ကြတာတွေကို စိတ်မကောင်းစွာ ကြားသိမြင်တွေ့ခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် နောက်ဆုံးအသက်ကို ပေးဆပ်ခဲ့ရတဲ့အခြေထိ ရောက်ခဲ့ရပါတယ်။
ဦးကိုနီဟာ တိုင်းပြည်ကို ကောင်းမွန်စေချင်လွန်းတဲ့ ချစ်စိတ်အပြည့်ရှိတဲ့ ရဲဝံ့တဲ့သူရဲကောင်းတယောက်ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ကွဲပြားမှုတွေကို ကြောက်စိတ်မုန်းတီးစိတ်တွေဟာ ဗုဒ္ဓဘာသာရဲ့မေတ္တာကို အခြေခံတဲ့ သွန်သင်ဆုံးမ မှုတွေနဲ့ မကိုက်ညီဘူးလို့လည်း မြင်မိပါတယ်။ လူထုအများစုက ဦးကိုနီကျဆုံးသွားတာကို ဝမ်းနည်းကြေကွဲမှုတွေ လှိုက်လှိုက်လှဲလှဲဖော်ပြကြတာ တွေ့ရ ကြားရတော့ ရင်နင့်နေတဲ့ကြားက အားတက်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ကျနော်တို့ချစ်မြတ်နိုးတဲ့ မြန်မာပြည်ရဲ့အနာဂတ်အတွက် ကွဲပြားမှု တွေကို ရဲဝံ့တည်ငြိမ်စွာနဲ့ အသိအမှတ်ပြုလက်ခံပြီး တိုင်းပြည်ရှေ့ရေးကောင်းမွန်လာစေဖို့ ခွဲခြားနှိမ့်ချရက်စက်မှုတွေ မရှိ အောင် တပ်မတော်နဲ့ လုံခြုံရေးမိသားစုအပါအဝင် ပြည်သူအားလုံးက တားဆီးဦးဆောင်သွားနိုင်ကြပါစေလို့ လေးနက်စွာ မျှော်လင့်ဆုတောင်းလိုက်ပါရစေ။
(ဒေါက်တာမြတ်ထူးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ မြေးတဦး ဖြစ်သည်)