တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သူ ကြည်လင်းကို စစ်ဆေးထားချက် ဆိုကာ လူမှု ကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ရဲစစ်ချက် စာရွက်တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေက မှန်ကန်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တဦးက ဧရာဝတီကို ပြောပြပါတယ်။
ရဲတပ်ဖွဲ့ အနေနဲ့ တရားခံ စစ်ချက်တွေကို တဖွဲ့ထံမှ တဖွဲ့ကို Viber နဲ့ သတင်းပို့ရင်း Hack ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလျို့ဝှက်စာရွက်တွေ အွန်ုလိုင်းပေါ်ကို ဘယ်လို ရောက်ရှိသွားလဲဆိုတာကိုတော့ စစ်ဆေးနေကြတယ်လို့ အတွင်း သတင်းများအရ သိရပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ စစ်ချက် အရ ထိုင်းနယ်စပ် မှာ နေထိုင်သူ မြင့်ဆွေ ဆိုသူက ဦးကိုနီ ရဲ့ ဓာတ်ပုံကို ထောက်ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟုဆိုကာ ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က ဘုရားခိုးမှုဖြင့် ထောင်ကျဖူးကြောင်း၊ လုပ်ကြံရာမှာ အသုံးပြုခဲ့တဲ့ သေနတ် ၂ လက်ကိုလည်း မြင့်ဆွေဆိုသူက ပေးခဲ့ခြင်ဖြစ်ကြောင်း တရားခံ စစ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စစ်ချက် စာရွက်တွေဟာ စာမျက်နှာ ၁၊ ၂၊ ၃ နဲ့ ၆ သာ ပါရှိပြီး အဓိက အချက်အလက်တွေလို့ ယူဆနိုင်တဲ့ ၄၊ ၅ စာမျက်နှာတွေကတော့ လူမှု ကွန်ရက် စာမျက်နှာတွေထက်မှာ ဖော်ပြခြင်း မရှိပါ။
ဒီစာရွက်တွေ ဘယ်သူ့ဆီက စတင် ပျံ့နှံ့လာတယ်ဆိုတာတော့ ယခုချိန်ထိ မသိရှိရသေးပါဘူး။
လေဆိပ်ရဲတပ်ဖွဲ့ကလည်း ကြည်လင်းကို ဖြစ်ဖြစ်ချင်း ဇန်နဝါရီ ၂၉ ရက် ညကပဲ ရဲတပ်ဖွဲ့က မြို့နယ်ရုံးကို ခေါ်ဆောင်သွား ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်မှာ ရှိတဲ့ ဌာနပေါင်းစုံ ပူးပေါင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။