တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ သေနတ်သမားကို အုတ်နီခဲနဲ့ ပြေးအထုမှာ သေနတ်နဲ့ ပြန်လည် ပစ်ခတ်ခံရလို့ ကွယ်လွန်သွားခဲ့သူ ဦးနေဝင်းကတော့ နိုင်ငံသား တာဝန် ကျေပွန်ခဲ့သူပါ။
သူရဲ့ ဈာပန အခမ်းအနားကိုတော့ ဒီကနေ့ နေ့လည် ၁၂ နာရီမှာ ရန်ကုန်မြို့၊ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပြီး မြေမြုပ်သဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ Terminal 1 မှာ CCTV ကင်မရာတွေ၊ လုံခြုံရေး ရဲတွေနဲ့ လူပေါင်းများစွာ ရှိနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်က ပြန်လာတဲ့ NLD ပါတီရဲ့ ဥပဒေ အကြံပေး၊ တရားလွှတ်တော် ရှေ့နေဖြစ်သူ ဦးကိုနီကို သေနတ်သမား ကြည်လင်းက အနီးကပ် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။
သေနတ်သမားကို လေဆိပ် ပတ်ဝန်းကျင်က တက္ကစီယာဉ်မောင်းတွေ၊ ပြည်သူတွေက တာဝန်တသိ ဖမ်းဆီးကြရင်းနဲ့ လေဆိပ် တက္ကစီ ယာဉ်မောင်း တဦးဖြစ်တဲ့ ဦးနေဝင်း (ခ) ဦးဝင်းလွင် ကတော့ သေနတ်ထိမှန်ပြီး သေဆုံးခဲ့ ရတာပါ။
နိုင်ငံသား တာဝန် ကျေပွန်စွာနဲ့ အသက်စွန့် ကြိုးပမ်းရင်း ကွယ်လွန်သွားခဲ့တဲ့ ဦးနေဝင်းဟာ ဖခင် ဦးမောင်မောင်၊ မိခင် ဒေါ်လျူငွေဟောင် (ခ) ဒေါ်မြင့်ရီ တို့ရဲ့ သား ၄ ဦး အနက် တတိယမြောက်သားဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး မစုသက်ခိုင်၊ ၇ နှစ်၊ ၃ နှစ်ခွဲနဲ့ ၄၅ ရက်သား အရွယ် သား ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မြတောင်ညို ၁ လမ်းရှိ အိမ်အမှတ် ၃၀ မှာ နေထိုင်သူ ဖြစ်ပါတယ်။
အားကိုးစရာ ဖခင် မဲ့သွားရတဲ့ သားတွေအတွက် စိတ်မကောင်းဖြစ်ပေမယ့် အသက်ကို ပေးလိုက်ရတဲ့အထိ နိုင်ငံသား တယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့လုပ်ရပ် အတွက်တော့ ဂုဏ်ယူမိတယ်လို့ ဇနီးဖြစ်သူနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဇနီးဖြစ်သူ မစုသက်ခိုင်က “ကလေးတွေကို သူ့အဖေလို စိတ်မျိုး ဖြစ်အောင် သွန်သင်ပေးမှာပါ။ လူတိုင်းကို ကူညီတတ်ဖို့နဲ့ နိုင်ငံသားစိတ်ဓာတ်ရှိဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးနေဝင်းဟာ မဟုတ်မခံ စိတ်ဆတ်တတ်ပြီး ပတ်ဝန်းကျင် မိတ်ဆွေများ အကြားမှာ ပြဿနာ ကိစ္စ တခုခုရှိရင်လည်း ဝင်ပါလေ့ ရှိတဲ့အတွက် မိသားစုက ခဏခဏ သတိပေးရတယ် လို့ သိရပါတယ်။ သူ တယောက်တည်းရဲ့ ဝင်ငွေနဲ့ စားဝတ်နေရေးအတွက် မှီခိုနေရတဲ့ မိသားစုအတွက်တော့ ယူကြုံးမရဖြစ်နေရကြောင်း ဇနီးဖြစ်သူက ဆိုပါတယ်။
ကူညီချင်တဲ့ စိတ်ဓာတ်၊ အပြုအမူ ရှိတတ်တဲ့ ဦးနေဝင်းအတွက် ဦးကိုနီ လုပ်ကြံခံရတဲ့ ဖြစ်စဉ်ကတော့ သူယခင်ကြုံတွေ့နေကျ သာမန်ရန်ပွဲမျိုး မဟုတ်ခဲ့ဘဲ လက်နက်ကိုင် လုပ်ကြံသူကို ဖမ်းဆီးရတဲ့ ကိစ္စ ဖြစ်နေခဲ့ပါတယ်။
ဒါဟာ ဘေးမှာ ပြဿနာ ဖြစ်တာ တွေ့ရင် ဝင်ရောက် ကူညီတတ်တဲ့ သူ့အတွက် ကံဆိုးမိုးမှောင်ကျစေခဲ့ပြီး အတူလိုက်ဖမ်းခဲ့သူတွေရဲ့ သတိပေး အော်ဟစ်မှုတွေ ကလည်း သူ့ကို မတားဆီး လိုက်နိုင်တော့ပါဘူး။
အတူ ဝိုင်းဖမ်းခဲ့သူ ကိုသီဟက “သေနတ်သမားက သေနတ်နဲ့လှည့်ချိန်လိုက် ပြေးလိုက် လုပ်နေတာ၊ လိုက်နေရင်း ကိုနေဝင်းပါ ဝင်လာတော့ သေနတ်ပါတယ်လို့ လှမ်းအော်ပြီး သတိပေး လိုက်သေးတယ်၊ ကိုနေဝင်း အုတ်ခဲနဲ့ လှမ်းပစ်တာ ထိသွားတော့ နောက်လှည့်ပြီး သေနတ်နဲ့ ပစ်သွားတာ”လို့ ဖြစ်တဲ့နေ့က မြင်ကွင်းကို ပြန်ပြောပြပါတယ်။
သေနတ်ဒဏ်ရာနဲ့ လဲကျသွားတဲ့ ဦးနေဝင်းကို သူကိုယ်တိုင် ကားပေါ်ပွေ့တင် ထားခဲ့ပြီး သေနတ်သမား မလွတ်အောင် ဆက်လိုက်သွားခဲ့တယ်လို့ ကိုသီဟက ပြောပြပါတယ်။
ဆက်လက်ပြီး “ကိုနေဝင်းက ဒဏ်ရာကို လက်နဲ့ပိတ်ပြီး အံကြိတ် နေခဲ့တယ်၊ အသားတွေလည်း တဆတ်ဆတ် တုန်နေတာပေါ့” လို့ ဆိုပါတယ်။
ကိုသီဟက “ သေနတ်သမား စပြေးတော့ ကျနော်ရယ်၊ ကားသမား တယောက်ရယ်၊ ဗိုလ်လေးတယောက်ရယ်၊ လိုက်တာ သိပ်မဝေးဘူး၊ အဲဒီမှာ ဗိုလ်လေးက သေနတ်သမားကို သေနတ်နဲ့ ချိန်ထားတယ်၊ သေနတ်သမားက ပြန်ချိန်ပြီး ငါပြန်ပစ်မှာနော်လို့ အော်ပြောတယ်။ ဗိုလ်လေးက ဘာလို့ ချိန်ထားပြီး မပစ်သလဲ၊ ကျည်မရှိလို့လား ဘာလဲ မသိတော့ဘူး” လို့ ပြောပါတယ်။
သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးရာမှာ မျက်မြင်တွေ့ရှိသူ ရွှေလွန်းပျံ တက္ကစီအသင်း ဥက္ကဋ္ဌ ဦးစိုးမြင့်ကတော့ “ကျနော်တို့ တက္ကစီသမားတွေ ဝိုင်းလိုက်တာ လူ ၁၀၀ လောက်တော့ရှိမယ်၊ ကိုနေဝင်းက ရှေ့ဆုံးကနေ အုတ်ခဲနဲ့ လှမ်းပစ်တော့ သူကိုလှည့်ပြီး ပစ်သွားတာပါပဲ” လို့ ရှင်းပြတယ်။
သေနတ်သမားဟာ လမ်းကြောအတိုင်း မောင်းလာတဲ့ တက္ကစီတစီးကို သေနတ်နဲ့ ခြိမ်းခြောက် တားဆီးပြီး ကားနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတုန်းမှာ နောက်ကလိုက်လာသည့် လေဆိပ်တက္ကစီ ယာဉ်မောင်းများက ဝိုင်းဝန်း ပိတ်ဆို့ ထားရာက ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။
“ကျနော်တို့က တယောက်က ခဲနဲ့လှမ်းထုတာ သေနတ်သမား မျက်နှာကို မှန်သွားရော၊ အဲဒါနဲ့ ကျနော်တို့လည်း သူ့ကို ဝင်ဆွဲချပြီး ဝိုင်းထိုးကြတာပေါ့၊ နောက်မှ ရဲတွေရောက်လာပြီး သေနတ် ၂ ချက်ဖောက် လူစုခွဲပြီး မဆိုင်တဲ့သူတွေ အနားမကပ်နဲ့ သူတို့ရောက်ပြီပေါ့။ သေနတ်သမား တားပြီး တက်လိုက်တဲ့ ကားလေးလဲ ခဲတွေမှန်တာ မှန်တောင်အပ်သွားလားမသိဘူး” လို့ ကိုယ်တိုင် ပါဝင်ခဲ့သူ ကိုသီဟပြောပါတယ်။
ဦးနေဝင်းကတော့ သေနတ်ဒဏ်ရာနဲ့ မြောက်ဥက္ကလာပ ဆေးရုံကို ပို့လိုက်ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ မိသားစုကတော့ သူ သေဆုံးတဲ့သတင်းအပေါ် မယုံသင်္ကာဖြင့် အံ့သြ တုန်လှုပ်ခဲ့ ရတယ်လို့ ဆိုပါတယ်။
ဇနီးဖြစ်သူ မစုသက်ခိုင်က “ကြားကြားချင်း သေနတ်ပစ်ခံရတယ် ဆိုတာကို မယုံဘူး၊ ဘာကြောင့် ဖြစ်ရမှာလဲပေါ့။ သွားနေတဲ့နေရာကလည်း သေနတ်ပစ်ခံရအောင် ဘာကိစ္စနဲ့မှ မဖြစ်နိုင်ဘူး၊ နေခင်းဘက်ကြီး ဖြစ်နေတယ်လေ။ အရေးပေါ်ကို လိုက်သွားတော့မှ ဆုံးပြီလို့ တန်းပြောတော့တာပါပဲ” လို့ ငိုရင်း ပြောပါတယ်။
တရုတ်- ဗမာ ကပြားတဦး ဖြစ်တဲ့ ဦးနေဝင်းဟာ သူ့ထက် အသက် ၁၇ နှစ်ခန့်ငယ်ရွယ်တဲ့ ဇနီးဖြစ်သူ မစုသက်ခိုင်နဲ့ လွန်ခဲ့တဲ့ ၈ ကျော်က အိမ်ထောင်ကျခဲ့ကြတာ ဖြစ်ပါတယ်။ စိတ်ရင်းကောင်းသူဖြစ်သလို အစအနောက်သန်သူလည်း မရီးတော်စပ်သူ မပန်းအိမွန်က ရှင်းပြပါတယ်။
လူမှုရေး ကိစ္စတွေမှာ စိတ်အားထက်သန်စွာ ကူညီ ပါဝင်လေ့ရှိသူ ဦးနေဝင်းဟာ မင်္ဂလာဒုံမြို့နယ် NLD ပါတီ အဖွဲ့ဝင် တဦးဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ရွှေလွန်းပျံ တက္ကစီအသင်း အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ပြောင်းလဲကျင့်သုံးစေခဲ့တဲ့ ရန်ကုန်ဘတ်စ်ကားလိုင်းစနစ်သစ် YBS အစီအစဉ်မှာလည်း ပရဟိတ လုပ်အားပေး ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဇနီးဖြစ်သူက “ သူမဆုံးခင် ၁၅ မိနစ်လောက်က ဖုန်းဆက် ပြောဖြစ်သေးတယ်၊ သူပြန်လာခဲ့မယ်၊ ရေပြန်ချိုးမယ်ပေါ့၊ ဘာဝယ်ခဲ့ရမလဲ ဆိုတော့ အဆင်ပြေတာသာ ဝယ်ခဲ့လို့ ပြောပြီး ဖုန်းချသွားတာပေါ့၊ ခဏနေတော့ အိမ်က အမက ဖုန်းဆက်ပြီး သူ့ရဲ့သတင်းကို လှမ်းပြောတော့မှ သိရတာပါပဲ” လို့ ဆိုပါတယ်။
ဦးနေဝင်းရဲ့ ကျန်ရစ်ခဲ့တဲ့ ၇ နှစ်အရွယ် အကြီးဆုံးသားက ဒုတိယတန်းမှာ ပညာသင်ကြားနေပြီး ၃ နှစ်ခွဲအရွယ် သားအလတ်က မူကြိုတက်ရောက်နေတာပါ။ အငယ်ဆုံးသားလေးကတော့ ၄၅ ရက်သားရှိပါသေးတယ်။
“သေနေ့မစေ့သေးပဲ သေတယ်လို့ပဲ ထင်တယ်။ ကျမတို့ဘဝတွေက ရှေ့ဆက်ဖို့ အများကြီးရှိသေးတယ်၊ ကလေးတွေ အတွက်လည်း အများကြီးမှီခို အားထားရဦးမှာ။ အခုဖြစ်ခဲ့တော့လည်း ကျမကတော့ ဈေးပြန်ရောင်းရင်း ကလေးတွေအတွက် ကြိုးစားရုန်းကန်သွားမယ်” လို့ ဇနီးဖြစ်သူက ဆိုပါတယ်။
ဦးနေဝင်းဟာ မသေဆုံးမီ တရက်အလိုကပဲ သူ့ရဲ့ မိဘတွေထံကို သားတွေနဲ့အတူ တရုတ်နှစ်သစ်ကူးအတွက် သွားရောက် ကန်တော့ခဲ့ကြ သေးတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အခုချိန်မှာတော့ နိုင်ငံသား တယောက်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူ့အတွက် အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ လူမှု ကူညီရေး အသင်းတွေ၊ ပုဂ္ဂလိကဘဏ်တွေ၊ စေတနာရှင်တွေက ဂုဏ်ပြုတဲ့အနေနဲ့ ငွေကြေးအရရော သားသမီးတွေရဲ့ ပညာရေးအတွက်ပါ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေကြပါတယ်။
၎င်းရဲ့မိသားစုထံကို တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်းကလည်း လာရောက်တွေ့ဆုံကာ နှစ်သိမ့်အားပေးခဲ့ပါတယ်။
ဗိုလ်ချုပ်မျိုးဇော်သိန်းက “ကျနော်တို့ သူရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ဂုဏ်ယူမိပါတယ်” လို့ ပြောခဲ့ပါတယ်။
တာဝန်သိစွာ အသက်စွန့်လုပ်ဆောင်ခဲ့တဲ့ ဦးနေဝင်းရဲ့ လုပ်ရပ်အပေါ် ဂုဏ်ပြုတဲ့အလှူရှင်တွေလည်း နေ့စဉ်လာ ရောက်လျက်ရှိပြီး ဘဏ်အချို့ကလည်း Saving အကောင့်များဖွင့်လှစ်ပေးကာ မိသားစုရဲ့ နောင်ရေးအတွက် ဝိုင်းဝန်း ကူညီပေးလျက်ရှိပါတယ်။
ကိုမောင်မောင်အေး ( Dream Boat ) က ဦးဆောင်ပြီး ဦးနေဝင်း မိသားစုရဲ့ နောင်ရေးအတွက် အလှူခံပေးခဲ့ရာမှာ ဧရာဝတီဘဏ် ဥက္ကဋ္ဌရဲ့ ဦးဇော်ဇော်က မတည်ရန်ပုံငွေ သိန်း ၁၀၀ အပါအဝင် သိန်း ၃၀၀ ကျော်၊ အဆိုတော် ယုန်လေး နဲ့ အဖွဲ့ကလည်း ၁၆ သိန်း ၃ သောင်း စတဲ့ ကူညီငွေ များစွာ ရရှိခဲ့ပါတယ်။
မိသားစုဝင်တွေကတော့ လှူဒါန်း ထောက်ပံ့ငွေတွေနဲ့ ပတ်သက်လို့ ဘယ်လောက် ရရှိထားကြောင်း၊ ဘယ်သူတွေက လာလှူခဲ့ကြောင်းကို စာရင်း လုပ်ထားတာ မရှိသေးဘူးလို့ သတင်းမီဒီယာတွေကို ပြောပါတယ်။
ဇနီးဖြစ်သူ မစုသက်ခိုင်ကတော့ ၎င်းသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ သေနတ်သမားကို ဘာမှမပြောလိုတော့ကြောင်း၊ သူလုပ်ခဲ့တာတွေအတွက် ပြန်ပြီး ခံစား ရမှာသာဖြစ်ကြောင်း ဆိုပါတယ်။
“သူနဲ့ပတ်သက်လို့ ဘာမှမပြောချင်ပါဘူး၊ ရက်ရက်စက်စက် သတ်ရက်တဲ့လူ လို့ပဲပြောချင်တယ်” လို့ စကားလုံးတွေ ထစ်ငေါ့စွာပဲ ပြောဆိုခဲ့ပါတယ်။
အစိုးရတာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ “ဘာမှတော့ ဝင်မပါပါဘူး၊ ဝင်ပါနိုင်တဲ့ အနေအထားလဲ မရှိပါဘူး။ သက်ဆိုင်ရာကပဲ အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်သွားပါလိမ့်မယ်၊ ဒါက လူတယောက်ချင်း တယောက် ဖြစ်တာမဟုတ်ပဲ အများလည်း မြင်ပြီးတော့ အများနဲ့ဆိုင်တ့ ဲနေရာမှာဖြစ်တဲ့အတွက် သူတို့ပိုပြီး အရေးစိုက်မယ်လို့ ထင်ပါတယ်” လို့ သူ့ရဲ့ သဘောထားကို ပြောဆိုခဲ့ပါတယ်။
ဦးနေဝင်းအပေါ်မှာ လေဆိပ်တက္ကစီ အသင်းဝင်မဟုတ်တဲ့ အခြားသော တက္ကစီယာဉ်မောင်းသူတွေကလည်း ဂုဏ်ယူကြောင်း ပြောခဲ့ကြသလို ကျန်ရစ်ခဲ့တဲ့ မိသားစုအပေါ် အားပေးနှစ်သိမ့်မှုတွေလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။