ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၈၀ ဦးသည် နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် နယ်စပ်မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လာကြစဉ် ထိုင်းတောင်ပိုင်း နခွန်ပုထုန် နယ်စပ် လူဝင်မှုကြီးကြပ်ရေး ဂိတ်တွင် ဖမ်းဆီးခံ ထားရကြောင်း သိရသည်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင်ခွင့်ရ လက်မှတ်ဖြစ်သည့် ပန်းရောင်ဘတ် ကတ် ကိုင်ဆောင်ထား သူများဖြစ်ကြောင်း၊ ၎င်းတို့အား နိုင်ငံကူးလက်မှတ် လုပ်ပေးမည်ဟုဆိုကာ ပွဲစားများက ခေါ်ဆောင် လာခြင်း ဖြစ်ကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် နယ်စပ်ဂိတ်တွင် ဖမ်းမိခြင်းကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အား ကူညီစောင့်ရေး အဖွဲ့ (AAC) မှ ဦးရဲမင်း က ဧရာဝတီ ကို ပြောသည်။
ဦးရဲမင်းက “ထားဝယ်မြို့မှာ နိုင်ငံကူးလက်မှတ် လုပ်ပေးမယ်ဆိုပြီး ပွဲစားတွေက ခေါ်လာတဲ့အချိန်မှာ ဖမ်းမိတာပါ၊ သူတို့ ကိုင်ထားတဲ့ ပန်းရောင်ကတ်က နယ်ကျော်ခွင့်မရှိဘူး၊ အခုက နယ်မြေကျော်သွားတဲ့အတွက် ထိုင်း ဥပဒေအရ အချုပ်မှာ ၄၈ ရက် နေရမယ်၊ ပြီးရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရမယ်” ဟု ဆိုသည်။
မြန်မာအလုပ်သမားများအား ဇန်နဝါရီလ ၃၀ ရက်နေ့က ဖမ်းမိခြင်း ဖြစ်ပြီး၊ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရုံးတင် တ ရားစွဲဆိုကာ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်သည်။ ဖမ်းဆီးခံ မြန်မာအလုပ်သမား များသည် ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ စက်ရုံနှင့် အလုပ်ရုံများတွင် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ အများစုမှာ အမျိုးသမီး များ ဖြစ်ကြောင်း သိရသည်။
ဦးရဲမင်းက “ဥပေဒအရတော့ အချုပ်ခံရမှာပါ၊ ဒါပေမယ့် အချုပ်က လွတ်ရင် မြန်မာနိုင်ငံသို့ ပြန်ပို့မခံရဖို့ အတွက် မြန် သံရုံးက အလုပ်သမား သံအရာရှိတွေက ထိုင်း လ.ဝ.က တွေနဲ့ ဒီနေ့ပဲ တွေ့ဆုံဆွေးနွေးနေပါတယ်” ဟု ဆိုသည်။
ပန်းရောင်ကတ်သည် ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် ရောက်ရှိနေကြသည့် နိုင်ငံခြားသားများ၊ တရားဝင် နေထိုင် လုပ် ကိုင်ခွင့် ရရှိရန်အတွက်ဟုဆိုကာ ထိုင်းအစိုးရက ပြီးခဲ့သည့် နှစ်အနည်းမှ စတင် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်း နိုင်ငံ၌ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား သိန်းဂဏန်းရှိကာ ၎င်းကတ်ကိုင်ဆောင်ထားသည့် အလုပ်သမားများသည် သတ်မှတ်ထားသည့် နယ်မြေ၌သာ နေထိုင် လုပ်ကိုင်ခွင့်ရှိပြီး နယ်မြေကျော်လွန် သွားလာပါက ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ် လုပ်ဆောင်ပေးမည်ဟုဆိုကာ ခေါ်ဆောင်လာသည့် မြန်မာလူမျိုး ပွဲစားများသည် ထွက်ပြေး တိမ်းရှောင်နေ၍ ၎င်းတို့အား ဖမ်းဆီးရမိရေး အတွက် ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံရုံးမှ တာဝန်ရှိသူတချို့ကို ဖုန်းဖြင့် မေးမြန်းခဲ့သော်လည်း ဆက်သွ ြယ္မရခဲ့ပါ။