သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရေး အတွက် ခရိုင် အဆင့် တရားရုံးများတွင်သာ စစ်ဆေးစီရင်ရန်နှင့် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ရန် ညွှန်ကြားချက် တခု ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားစာတွင် အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အဓမ္မ ကျူး လွန်မှုများ တနေ့တခြား ပိုမိုများပြားလာသဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိပါက ခရိုင်အဆင့် တရား ရုံးများတွင် စစ်ဆေး စီရင်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန် ညွှန်ကြားထားကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် တွင် ပြောသည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က မြန်မာ နိုင်ငံတွင်း သက်ငယ်မုဒိမ်းမှုများ တိုးတက်လာခြင်းနှင့် အပြစ်မဲ့သည့် ကလေးသူငယ်များအား လိင်ပိုုင်း ဆိုင် ရာ အကြမ်းဖက် ခံနေရခြင်းမှ အမြန်ဆုံးကာကွယ်နိုင်ရန်၊ ပြစ်မှု ကျူးလွန်သူများအပေါ် ထိရောက် ဟန့်တား မှု ရှိစေရန် တရားရုံုးများက အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော တသက်တကျွန်းဒဏ် ချမှတ်ခြင်းအပါအဝင် ထိ ရောက်သော လုပ်ထုံးလုပ်နည်းများ အရေးပေါ် ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းကိုမေးမြန်းခဲ့သည်။
ဒေါ်နွယ်နွယ်အောင် က“ဒီညွှန်ကြားချက်အတိုင်း လုပ်မယ်ဆိုရင် ထိရောက်မယ်လို့ ထင်တယ်။ ခရိုင်ရုံးက တော့ ဆေးစာပြည့်စုံရင် အမြင့်ဆုံးပြစ်ဒဏ် နှစ် ၂၀ အထိ ချလို့ရတယ်။ အခုကတော့ မြို့နယ်ရုံးကလည်း ၇ နှစ် အထိပဲချလို့ရတဲ့အခါ ကြံစည်မှုလောက်နဲ့ စွဲချက်ကတက်လာရင် ချတဲ့ပြစ်ဒဏ်နည်းနည်းပဲကျတယ်။ အခု မြို့နယ်တရားရုံးတွေမှာ သက်ငယ်မုဒိန်းကိစ္စကို မစီရင်ဘဲ ခရိုင်တရားရုံးမှာသာ စီစဉ်မယ်ဆိုတဲ့ သဘောပါ” ဟု သတင်းထောက်များကို ပြောပြသည်။
မြို့နယ် တရားရုံးများတွင် စစ်ဆေးစီရင်ဆဲ ဖြစ်သည့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား အဓမ္မ ပြုကျင့်မှုများကို သက်ဆိုင်ရာ ခရိုင်တရားရုံးများသို့ လွှဲပြောင်းပေးပို့ကြရန်နှင့် ခရိုင် တရားရုံးများက လည်း တရားခံအပေါ် သက်သေခံချက်များအရ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိ၍ ပြစ်ဒဏ် စီရင်ပါက ပြစ်မှု အလျောက် ထိရောက်ဟန့်တားသော ကြီးလေးသည့် ပြစ်ဒဏ်များချရမည် ဖြစ်ကြောင်း တရားသူကြီး ဦးစိုးညွှန့် က ပြောသည်။
“အပြစ်မဲ့တဲ့ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ သက်ငယ်မုဒိမ်းမှုဆိုတာ အလွန် စက် ဆုပ် ရွံရှာဖွယ်ကောင်းပြီး လူမှုအဖွဲ့အစည်းကို အကျည်းတန် ရုုပ်ဆိုးစေတဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်”ဟုလည်း ဦးစိုးညွှန့် က ပြောဆိုသည်။
၂၀၁၅ ခုနှစ်အတွင်း ကလေးသူငယ် မုဒိမ်းမှုများနှင့် စပ်လျဉ်း၍ ပြစ်မှု ထင်ရှားသော အမှုပေါင်း ၆၇၁ မှု ရှိ သည့် အနက် ပြစ်ဒဏ် လုံလောက်စွာ ချမှတ်နိုင်သော ခရိုင်တရားရုံးများ က စစ်ဆေးစီရင်ခဲ့သည့် အမှု ၅၈၆ မှု ရှိခဲ့ကြောင်းလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြောသည်။
ယင်းအမှုများအနက် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည့် အမှု ၃၆ မှု၊ ထောင်ဒဏ် ၁၀ နှစ် အမှု ၂၄၀၊ ထောင်ဒဏ် ၉ နှစ် ၂၅ မှု၊ ထောင်ဒဏ် ၈ နှစ် ၉၄ မှု၊ ထောင်ဒဏ် ၇ နှစ် ၁၁၈ မှု၊ ထောင်ဒဏ် ၇ နှစ်အောက် ချမှတ်သည့်အမှု ၇၂ မှု ရှိပြီး လူသတ်မှုနှင့် တွဲဖက် ကျူးလွန်သည့် မုဒိမ်းမှု ၂ မှုကိုမူ သေဒဏ်အထိ ချမှတ်ခဲ့ ကြောင်း သိရသည်။
ထောင်ဒဏ် ၇ နှစ်အောက် ချမှတ်ခဲ့သည့် အမှုများရှိခဲ့ခြင်းသည် အမှုစစ်ဆေးသည့် တရားသူကြီးများသည် ပြစ်ဒဏ် ချမှတ်နိုင်သော အာဏာနည်း၍ ဖြစ်ကြောင်း၊ သာမန်အားဖြင့် တရားစွဲဆိုအဖွဲ့အစည်းက ရာဇသတ် ကြီး ပုုဒ်မ ၃၇၆ အရ ကျူးလွန်သည့် မုဒိမ်းမှုများကို မြို့နယ်တရားရုံုးများတွင်သာ တရားစွဲဆိုကြကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆိုသည်။
“မြို့နယ်တရားရုံးများတွင် အထူးရာဇဝတ် အာဏာရ တရားသူကြီးကသာ ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ် နိုင်ပါတယ်။ အထူးရာဇဝတ် အာဏာမရသည့် တရားသူကြီးက ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ် နိုင်ခြင်းမရှိသလို မိမိတို့ စီရင်ပိုင်ခွင့် အာဏာအတွင်း အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ရခြင်းဖြစ်ပါတယ်”ဟု တရားသူကြီး ဦးစိုးညွှန့်က ပြောသည်။
သို့သော် ယခုအခါ သက်ငယ် မုဒိမ်းမှုများကို ခရိုင် တရားရုံးများက စစ်ဆေးစီရင်တော့မည် ဖြစ်၍ ထိရောက် ဟန့်တားသည့် ပြစ်ဒဏ်များချမှတ်နိုင်ပြီ ဖြစ်ကြောင်း၊ ယင်း အမှုမျိုးကို တရားစွဲဆိုလာပါက အမှု အကြောင်း အရာ အသေးစိတ်နှင့် စီရင်ချက်မိတ္တူကို တရားလွှတ်တော်ချုပ်သို့ စောလျင်စွာ အစီရင်ခံတင်ပြရန် ညွှန်ကြား ထာပြီး ယင်းအမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိကြောင်းလည်း သိရသည်။