ရန်ကုန်လေဆိပ်ရှေ့ လူမြင်ကွင်း၌ ရှေ့နေဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သူအား ဝိုင်းဝန်း ဖမ်းဆီးရင်း အသက်ဆုံးခဲ့သည့် လေဆိပ်တက္ကစီယာဉ်မောင်း ဦးနေဝင်း(ခ) ဦးဝင်းလွင်၏ ဈာပနကို ယနေ့နေ့လည်ပိုင်းက ရေဝေးသုဿန်တွင် ဂူသွင်းသဂြိၤုလ်မှု ပြုလုပ်ခဲ့သည်။
ဈာပနာအခမ်းအနားတွင် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကာ ဦးနေဝင်း၏လုပ်ရပ်အပေါ် ဂုဏ်ယူမိကြောင်း ထုတ် ဖော်ပြောကြားကြသည်။
၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်က “ဒီလုပ်ရပ်က သံသယ တွေကြီးစွာ နဲ့ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့အကြား စွပ်စွဲမှုတွေ အင်မတန်စိုးရိမ်စရာကောင်း တဲ့ အနေအထား ဖြစ်နေနိုင်ပါတယ်၊ သူပေးခဲ့တဲ့အသက်ဟာ ထိုက်တန်တယ်၊ မထိုက်တန်တယ် မပြောရက်ပေမယ့် များစွာ သောအန္တရာယ်ကြီးကိုတော့ ကာလတခုထိတော့ တားထားနိုင်ခဲ့ပါတယ်”ဟု ပြောသည်။
ဦးနေဝင်းတွင် လက်ရှိဇနီးနှင့် အတူ ၇ နှစ်အရွယ်သားတဦး၊ ၃ နှစ်ခွဲအရွယ် သားတဦးနှင့် ၄၅ ရက် သား အရွယ် အမည်မပေးရသေးသည့် ကလေးငယ်လေးတဦးတို့ ကျန်ရစ်ခဲ့သည်။
ဇနီးဖြစ်သူ မစုသက်ခိုင်က “ကျမတို့ဘဝတွေက ရှေ့ဆက်ဖို့အများကြီးကျန်သေးတယ်၊ သူ့အပေါ်မှာ အများ ကြီးအားကိုးရဦးမှာ၊ ကျမဈေးပြန်ရောင်းပြီး ဆက်လက်ကြိုးစားမယ်၊ သူအခုလိုလုပ်ခဲ့ပြီ ဆိုတော့လည်း သူ့အတွက်ဂုဏ်ယူပါတယ်၊ သားလေးတွေကိုလည်း သူ့လိုနိုင်ငံသားတယောက် ပီသအောင် သွန်သင်ပေး မှာပါ”ဟု ပြောသည်။
အသက်စွန့်ကာ တရားခံဖမ်းပေးခဲ့သည့် ဦးနေဝင်းသည် ပထမအိမ်ထောင်ဖြင့် သမီးလေးတဦးရရှိခဲ့ပြီး၊ အသက် ၁၈ အရွယ်ရှိ သမီးကြီးမှာ ၁၀ တန်းတက်ရောက်နေကာ မိခင်နှင့်အတူနေထိုင်လျက် ရှိကြောင်း သိရသည်။
ဖခင်၏ ဈာပနသို့ လာရောက်ခဲ့သည့် သမီးဖြစ်သူ မမဉ္ဇူအောင်က “ဖေဖေက ကျောင်းကိုတော့ လာလာ တွေ့ပါတယ်၊ အဆက်အသွယ်ရပေမယ့် အမြဲအတူနေရတာမဟုတ်ပါဘူး၊ မုန့်ဖို့လည်းပေးပါတယ်”ဟု ပြော သည်။
ဈာပနတွင် ဦးနေဝင်းနှင့် ပတ်သက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မင်္ဂလာဒုံမြို့နယ်နှင့် လေဆိပ်ရှိ ရွှေပျံလွှား တက္ကစီအသင်း တာဝန်ရှိသူများက ကွယ်လွန်သူ ဦးနေဝင်းအနေဖြင့် သွားလို ရာသွားနိုင် ကြောင်း အမိန့်ပြန်ကြားမှုများလည်း ဖတ်ကြားခဲ့ကြသည်။
အထက်တန်းရှေ့နေ ဦးဝင်းမြင့်ထွန်းက “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားဖို့ အသက်ကို ပဓာန မထားဘဲ ကြုံလာတဲ့အခြေအနေမှာ နိုင်ငံသားတယောက်ရဲ့ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ တဲ့ ကိုနေဝင်းကို အမြဲတမ်းအမှတ်ရနေကြမှာပါ၊ နောက်လည်း ကိုနေဝင်းလို၊ ကိုရာဇာဟိန်းတို့လို သူတွေ များများပေါ်ထွက်လာဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဈာပနအခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ဆရာတော် အရှင်ထေရဝံသ(ညောင်တုန်း)ကလည်း ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု မလွန်ကဲသင့် ကြောင်းနှင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည့်၏ လုံခြုံရေးအပေါ် ပိုမိုဂရုစိုက် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း သတိပေးမိန့်ကြားခဲ့သည်။