၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် အတွက် အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းကျော် လျာထားရာ ၁၃ ရာခိုင်နှုန်း ကျော် ဖြစ်သော ၂၉၀၅ ဒသမ ၁၉ ဘီလီယံကျပ် ကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် သုံးစွဲခွင့်ရရှိရန် ယနေ့ ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် သို့ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က တင်ပြ တောင်းခံလိုက်သည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၇ – ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း ရရန်ငွေ စုစုပေါင်းသည် ၇၃.၁၁၁ ဘီလီယံ၊ သုံးရန်ငွေ စုစုပေါင်း ၂၉၀၅.၁၉၅ ဘီလီယံ ဖြစ်ကြောင်း၊ သာမန် အသုံးစရိတ် သုံးရန်ငွေ ၁၆၅၄.၃၃ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် သုံးရန်ငွေ ၁၂၅၀.၈၆၅ ဘီလီယံ လျာထားကြောင်း ဗိုလ်ချုပ် မြင့်နွယ် က ပြောဆို သည်။
“ငွေလုံးငွေရင်း အသုံးစရိတ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ထက် ၈၆.၅၃၃ ဘီလီယံလျော့နည်း တောင်းခံထားပါ တယ်။၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငွေတောင်းခံမှုဟာယခင် ၂ နှစ်ထက် လျော့နည်းနေတာကို တွေ့ရှိရမှာ ဖြစ်ပါ တယ်” ဟုု ဗိုလ်ချုပ် မြင့်နွယ်က ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။
ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု ဘတ်ဂျက်တွင် ကာကွယ်ရေး အသုံးစရိတ် ပါဝင်မှုသည် ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာ ရေး နှစ်အတွက် ၁၄.၆၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၄.၀၈ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာ ရေး နှစ် ၁၃.၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၂.၇၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာ ရေးနှစ် ၁၃.၆၄ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၄.၃၀ ရာခိုင်နှုန်း (ခန့်မှန်းခြေ)နှင့် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၃.၉၅ ရာခိုင်နှုန်း (တောင်းယူ) တို့ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
တိုုင်းပြည်၏ အများဆုံုးဘတ်ဂျက် ရရှိသည့် ဌာနသည် ၂၃ ရာခိုင်နှုန်းဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ၂၁ ရာခိုင်နှုန်းဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဖြစ်ပြီး တတိယ အများဆုံးသည် ကာကွယ်ရေး ဝန်ကြီးဌာန ဖြစ် ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ လွှတ်တော် သက်တမ်းအတွင်း ကာကွယ်ရေး အသုံးစရိတ် စိစစ် ဖြတ်တောက်မှု လုံးဝမပြုလုပ် သေးကြောင်း မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ လှမိုးက ဧရာဝတီ သို့ ပြောသည်။
အာဏာရ NLD ပါတီမှ ဒေါက်တာလှမိုးက “ပညာရေး ၈ ရာခိုင်နှုန်း၊ ကျန်မာရေး အသုံးစရိတ်က ၅ ရာခိုင်နှုန်းကျော် လာတဲ့ အချိန်မှာ ကာကွယ်ရေး အသုံးစရိတ် ၁၃ ရာခိုင်နှုန်းလောက်ကိုတော့ လက်ခံပါတယ်။ ကာကွယ်ရေး တခု တည်း ကိုု မြှင့်ပြီးတော့ ကျန်တာတွေကို နှိမ့်ထားတာ မဟုတ်ဘူး။ ကျန်တာတွေလည်း တဖြည်းဖြည်း မြင့်လာပြီ”ဟု လည်း ပြောဆိုသည်။
ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို Standard Army ၊ Standard Navy၊ Standard Air Force ဖြစ်လာစေရေး အတွက် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ် မတော် တည်ဆောက်ရန်၊ တို့တာဝန် အရေး ၃ ပါးကို ကာကွယ် စောင့်ရှောက်ရန်တို့ အတွက် နှစ်ရှည် စီမံကိန်းများ ရေးဆွဲထားကြောင်းလည်း သိရသည်။
“နိုင်ငံတော်၏ ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရေးတွင် ပြည်သူတရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော် တည်ဆောက်ရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် ပါဝင် ဆောင်ရွက်သွားစေရန် စသည့် ရည်မှန်းချက်များ အပေါ် အခြေခံပြီး နှစ်ရှည် စီမံကိန်းများကို ရေးဆွဲထားပါတယ်”ဟု ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။
အထက်ပါ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး ဘတ်ဂျက် ရေးဆွဲဆောင်ရွက်ရာတွင် တပ်မတော်၏ သဘောသဘာဝ အရ လူ၊ လက်နက်၊ ပစ္စည်း ဖွဲ့စည်းပုံနှင့် ပေးအပ်လာသော တာဝန်ကို အောင်မြင်စွာ ထမ်းဆောင် နိုင်ရန် ဦးစွာ ရေးဆွဲပြဌာန်း ရကြောင်းလည်း ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။
ပြည်သူ့ ငွေစာရင်းပူးပေါင်း ကော်မတီဝင် လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို ကလည်း ယခင် အစိုးရများက ဘတ်ဂျက်ရေးဆွဲရာတွင် ဖွံ့ဖြိုးရေးတခုတည်းကိုပဲ စဉ်းစားခဲ့ကြောင်း၊ ထို့ကြောင့် အသုံးများ၍ အရနည်းကာ ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှုများကိုု ငွေစက္ကူ ရိုက်နှိပ်၍ ဖြေရှင်းခဲ့ကြောင်း ပြောဆိုသည်။
“သုံးတာက များတယ်။ ရတာက နည်းတယ်။ ဒါကို ပိုက်ဆံရိုက်ထုတ်ပြီး ဖြေရှင်းခဲ့တယ်။ နောက် နိုင်ငံခြားချေးငွေ ယူ တယ်။ အခုတော့ သိပ်ပြီးတော့ ကွာခြားချက်မရှိအောင် ရေးဆွဲတဲ့ပုံုစံမျိုး လုပ်ထားတယ်။ လိုငွေပြတာ နည်းအောင် လက်ရှိအစိုးရက လုုပ်ထားတယ်”ဟု ဦးခင်ချိုက ပြောသည်။
၎င်းက ဆက်၍ “မသုံးမဖြစ် သုံးရမယ့် သာမန် အသုံးစရိတ်တွေကတော့ သုံးရမယ်။ ငွေလုံးငွေရင်း အသုံးစရိတ်က စီမံကိန်း လုပ်ငန်းတွေ၊ ပစ္စည်းဝယ်တာတွေကိုတော့ မလိုအပ်ဘဲ တောင်းတာမျိုး ရှိသလား။ နောက်နှစ်မှ ဝယ်လို့ရတဲ့ ကိစ္စမျိုးကိုဒီနှစ်မှာ မပေးပါဘူး”ဟုလည်း ပြောသည်။
အစိုးရ ဘတ်ဂျက် စိစစ်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ ၁၆ ဖွဲ့ ဖွဲ့စည်းထားပြီး ဝန်ကြီးဌာနများကို ခွဲဝေစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု၏ အရသုံးမှန်းခြေ ငွေစာရင်းနှင့် ဥပဒေကြမ်းတို့အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပ အကူအညီ ရယူငွေများ အပါအဝင် စုစုပေါင်း ကျပ်သန်း ၂၀၈၉၆ ဘီလီယံ ဖြစ်ကြောင်၊ လိုငွေသည် ၄၁၂၈ ဘီလီယံ ဖြစ်ကြောင်း လည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။