တနင်္ဂနွေနေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီကို ပစ်သတ်ခဲ့သည့် သေနတ်သမားကို မြင့်ဆွေ ဆိုသူက ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပေါက်ကြားခဲ့သော ရဲမှတ်တမ်းများက ဆိုသည်။
“ဒီမှတ်တမ်းတွေကို ရဲအရာရှိတွေ အချင်းချင်း ဗိုက်ဘာကနေ ပေးပို့ရာကနေ ပေါက်ကြားသွားတာပါ”ဟု မှတ်တမ်းမှာ ရဲက ကြည်လင်းကို စစ်ချက်ယူထားချက်များ ဟုတ်မှန်ကြောင်း အဆင့်မြင့် ရဲအရာရှိတဦးက အတည်ပြုသည်။
ထိုရဲမှတ်တမ်းတွင် အသက် ၅၄ နှစ် အရွယ်ရှိ သေနတ်သမား ကြည်လင်း၏ ထွက်ဆိုချက် ၅ မျက်နှာ ပါရှိပြီး ကြည်လင်းသည် လွန်ခဲ့သော စက်တင်ဘာလက မဲဆောက်တွင် ပထမဆုံး တွေ့ဖူးသူ မြင့်ဆွေ အမည်ရှိသူ တဦးက သူ့ကို ချဉ်းကပ်ခဲ့သည် ဟု ရဲအဖွဲ့သို့ ပြောသည်။
“ကုလားတယောက်ကို သတ်ပေးရင် ကားတစီးပေးမယ် လို့ သူက ကျနော့်ကို ပြောတယ်”ဟု ကြည်လင်းက မွတ်စလင်များကို ချိုးနှိမ်သည့် စကားလုံးဖြင့် ရဲအဖွဲ့သို့ ပြောသည်ဟု မှတ်တမ်းက ဆိုသည်။ ထိုနောက် မြင့်ဆွေက ဂျာနယ်တစောင်မှ ဦးကိုနီ၏ ပုံကို ကြည်လင်းအား ပြသသည်ဟု သူက ဆက်ပြောကြောင်း စစ်ဆေးမှု မှတ်တမ်းတွင် ဖော်ပြထားသည်။
သို့သော် သတ်ဖြတ်ရခြင်း အကြောင်းရင်းများ ပါရှိဖွယ်ရှိသည့် အခြား စာမျက်နှာ နှစ်ခုမှာ ပေါက်ကြားခဲ့သော စာမျက်နှာများတွင် မပါဝင်ခဲ့ပေ။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံသို့ အစိုးရအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူတရားဝင် သွားရောက် ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဦးကိုနီကို ကြည်လင်းက အနီးကပ် ပစ်သတ်ခဲ့ကြောင်းလည်း ထိုရဲစစ်ဆေးမှု မှတ်တမ်းက အတည်ပြုသည်။
“ကျနော် သူ့နောက်က လိုက်သွားတယ်။ ပြီးတော့ သူ ကလေးချီထားတုန်း နောက်စေ့ကို ပစ်လိုက်တယ်” ဟု ကြည်လင်းက အစစ်ခံခဲ့သည်။
မြင့်ဆွေ ဘယ်သူလဲ
ရဲစစ်ချက် မှတ်တမ်းအရ မြင့်ဆွေဆိုသူမှာ မန္တလေးမြို့ တမ္ပဝတီရပ်မှ ဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးတွင် ထိုင်းနိုင်ငံ မဲဆောက်နှင့် နီးသော မြဝတီနယ်စပ်မြို့သို့ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ ယခင်က မြဝတီတွင် အဖမ်းခံရဖူးပြီး မည်သည့် အကြောင်းကြောင့် အဖမ်းခံရသည်ကို ပေါက်ကြားခဲ့သော မှတ်တမ်းတွင် ဖော်ပြမထားပေ။
မြင့်ဆွေသည် အသက် ၅၀ ကျော်ခန့် ရှိပြီး စကားပြော ချိုသာကာ ဆံပင်ကောက်သည်ဟု ကြည်လင်းက ပြောသည်။ အရပ် အမောင်းမှာ ၅ ပေ ၄ လက်မခန့် ရှိသည်ဟုလည်း ပြောသည်။
မြင့်ဆွေသည် တမ္ပဝတီရပ်၏ အဓိက လုပ်ငန်းဖြစ်သော ကြေးသွန်းရာတွင် ကျွမ်းကျင်သူဖြစ်သည်ဟု ဒေသခံတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ သူသည် ရှေးဟောင်း ပစ္စည်းများကိုလည်း လွန်စွာ စိတ်ဝင်စားသည်ဟု သိရသည်။
မြင့်ဆွေသည် ရှေးဟောင်းကြေးထည်များကို အတုပြုလုပ်ရာတွင်လည်း ကျော်ကြားပြီး ရှေးဟောင်းပစ္စည်း မှောင်ခိုကူးသူဟု လူသိများသည်။ ရှေးဟောင်းပစ္စည်း မှောင်ခိုမှုကြောင့် အကြိမ်ကြိမ် အဖမ်းခံရဖူးသည်ဟု ဒေသခံများက ပြောကြသည်။
“သူက ရှေးဟောင်း ကြေးထည်ပစ္စည်းတခုခု ရလာရင် အဲဒီအတိုင်း ပုံတူလိုက်လုပ်တယ်။ ပြီးရင် အဲဒီပစ္စည်းကို ရှေးဟောင်း ပစ္စည်းပုံ ပေါက်အောင် အက်စစ်နဲ့ စားပစ်တယ်။ ပြီးမှရောင်းတယ်။ သူက ရှေးဟောင်းပစ္စည်း အတုလုပ်တဲ့ နေရာမှာ ကျွမ်းကျင်သူပဲ” ဟု တမ္ပဝတီဒေသခံ မြန်မာမှုပညာ ကျွမ်းကျင်သူ ဦးဝင်းမောင်က ပြောသည်။
ယခင်က မြင့်ဆွေအား မြန်မာမှုပညာ သင်ပေးခဲ့ကြောင်းလည်း ဦးဝင်းမောင်က ပြောသည်။
“သူ အတုလုပ်တာ မိသွားရင် သူက အတုကို ပေးလိုက်တယ်။ ရှေးဟောင်းပစ္စည်း အစစ်ကိုတော့ ဘယ်တော့မှ မပေးဘူး။ ငွေအတွက်ဆို ဘာမဆို လုပ်မယ့်သူ”ဟု ဦးဝင်မောင်က ပြောသည်။
အခြားသော ဒေသခံများ၏ အဆိုအရ မြင့်ဆွေသည် ၁၉၉၀ တွင် မြဝတီသို့ သွားခဲ့ပြီး နှစ်အတန်ကြာ ပျောက်သွားခဲ့သည်ဟု သိရသည်။ သူသေပြီ၊ အသတ်ခံရသည် ဟု သူ၏ဇနီးက ယုံကြည်ပြီး ရဲအဖွဲ့၏ အကူအညီဖြင့် သူ့ကို ရှာခဲ့သေးသည်ဟု ဆိုသည်။ မည်သည့် သတင်းမျှမရခဲ့ဘဲ ကူညီရှာဖွေပေးသူ ရဲအရာရှိနှင့် လက်ထပ်ခဲ့သည်။ မြင့်ဆွေသည်၏ ဇနီးဟောင်းမှာ နောက်အိမ်ထောင်နှင့် အတူ တမ္ပဝတီရပ်တွင် နေထိုင်ဆဲဖြစ်သည်။
တနင်္ဂနွေနေ့ အထိ တမ္ပဝတီရပ်မှ မည်သူမျှ မြင့်ဆွေ သက်ရှိထင်ရှား ရှိသည်ဟု မသိကြပေ။
ဖေဖော်ဝါရီ ၁ ရက်က မြင့်ဆွေဟု ယူဆရသူ တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ဧရာဝတီ သို့ အတည်ပြုပြောသည်။ မြဝတီ စီအိုင်ဒီက စစ်ဆေးနေကြောင်း၊ ဖမ်းဆီးရမိထားသူမှာ တဦးတည်းဖြစ်ကြောင်း၊ အမှုနှင့် အမှန်တကယ် ပတ်သက်နေသူ ဟုတ်၊ မဟုတ် အတည်ပြု စစ်ဆေးနေသည်။
သေနတ်သမားကြည်လင်း
ကြည်လင်းသည် ၂၀၀၃ ခုနှစ်က ရှေးဟောင်းဘာသာရေး ပစ္စည်း မှောင်ခိုသောကြောင့် အဖမ်းခံရပြီး ထောင် အနှစ် ၂၀ ကျဖူးသည်ဟု ပေါက်ကြားသွားသော မှတ်တမ်းက ဆိုသည်။ ၂၀၁၀ တွင် ရဲဘက်စခန်းသို့ ပို့ခံရချိန်အထိ မန္တလေး အိုးဘို အကျဉ်းထောင်တွင် ၇ နှစ်နေပြီး ၂၀၁၄ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၁၁ နှစ်သာ နေရပြီး စောစီးစွာ ပြန်လွတ်လာသည်။
ကြည်လင်းသည် ကျွမ်းကျင်သော ရှေးဟောင်းပစ္စည်း ခိုးသူဖြစ်သည်ဟု သူနှင့် အိုးဘိုထောင်တွင် အတူနေဖူးသော အကျဉ်းသားတဦး၏ အဆိုအရ သိရသည်။ ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သော ထိုအကျဉ်းသားဟောင်းက ယခု လူသတ်မှု၏ နက်ရှိုင်းမှုကြောင့် သူ၏ အမည်ကို ပြောကြားခြင်း မရှိပေ။
“သူက သမိုင်းအကြောင်း၊ ဗုဒ္ဓဆင်းတုတော်တွေရဲ့ မုဒြာပုံစံတွေ အကြောင်း အများကြီး သိတယ်။ ဒီအကြောင်းတွေ ပြောတိုင်း ကျနော်တို့ မျောပါသွားတယ်” ဟု ထိုအကျဉ်းသားဟောင်းက ပြောသည်။
ရဲအဖွဲ့၏ ကနဦးစစ်ဆေးချက်များ အရ ကြည်လင်းသည် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မှ ဖြစ်ပြီး တရုတ် သို့မဟုတ် ရှမ်းလူမျိုးစုဝင်ဟု သိရသည်။ သို့သော်သူ၏ ရဲစစ်ချက်များတွင်မူ အသက် ၅၄ နှစ်အရွယ်ရှိ ကြည်လင်းသည် စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ် စိုင်းလျားကျေးရွာမှ ဗမာလူမျိုးစုဝင် ဟု ဆိုသည်။
“သူက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ဘုရားဆင်းတု မှောင်ခိုလုပ်ဖို့ ဝန်မလေးဘူး။ ဒါကြောင့် သူ မလုပ်ရဲတာ ဘာမှ ရှိမှာ မဟုတ်ဘူး လို့ ထင်တယ်” ဟု အထက်ပါ အကျဉ်းသားဟောင်းက ပြောသည်။ ။